ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများသည် တရားမဝင် အလုပ်လုပ် ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးနှိမ်နှင်းမှု အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနနှင့် ဖူးခက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
ဇွန်လ ၂၃ ရက်က ဖူးခက်မြို့ ချလောင်ဒေသက ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား လေးဦးတို့ကို ဖမ်းဆီးရမိပြီးနောက် ခရိုင်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးမှု အရှိန်မြှင့်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ဖူးခက်မြို့တွင် ဝန်ဆောင်ခ ဘတ် ၁၅၀၀ နှုန်းယူပြီး အခြားသူများအတွက် ဘဏ်အကောင့် ဖွင့်ပေးနေသည်ဟု Phuket Times သတင်းဌာနက ဇွန်လ ၂၄ ရက်တွင် ဖော်ပြရာ ထိုင်းပြည်သူများကြား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။




ယင်းနောက် ဈေးထဲရှိ ဈေးဆိုင်များတွင်လည်း မြန်မာနိုင်ငံသားများက တရားမဝင် ရောင်းချနေကြောင်း သတင်းပေး တိုင်ကြားမှု များလာသဖြင့် ဖူးခက်မြို့ အာဏာပိုင်များအဖွဲ့က ဈေးကြီးများ၊ ပလာဇာများ၊ ကမ်းခြေရှိ ဆိုင်များနှင့် ဈေးဆိုင်နေရာပေါင်းစုံတို့ကို ဇွန်လ ၂၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ဇွန်လ ၂၅ ရက်တွင် နိုင်ငံခြားသားအလုပ်သမား တစ်ထောင်ကျော်ကို စစ်ဆေးနိုင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၃၉ ဦးကို အရေးယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။
ဖူးခက်မြို့အတွင်း နိုင်ငံခြားသား နှစ်ထောင်ကျော်အထိ စစ်ဆေးနိုင်ရန် အာဏာပိုင်အဖွဲ့က ရည်ရွယ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
အရေးယူခံရသူများတွင် ပါဝင်သော မြန်မာနိုင်ငံသားများ အရေအတွက်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိပေ။
ဖူးခက်မြို့တွင် ယမန်နေ့ ဇွန်လ ၂၅ ရက်မှစ၍ အာဏာပိုင်အဖွဲ့သည် လိုက်လံစစ်ဆေးနေပြီး ယနေ့ ဇွန်လ ၂၆ ရက်အထိ ဆိုင်များသို့ ဝင်ရောက်စစ်ဆေးနေဆဲဖြစ်ကြောင်း မ ဖူးခက်မြို့နေ မြန်မာနိုင်ငံသားများက ဆိုသည်။
“အခုစစ်နေတာက အဖွဲ့စုံကနေ စစ်နေတာ။ အလုပ်ရှင် တူမတူ၊ အလုပ်နေရာ တူမတူပေါ့။ ဈေးရောင်းရင်တောင် ဈေးရောင်းခွင့် ကတ်ပြား လုပ်မလုပ် အစုံစစ်ဆေးနေတာ။ ဒီနေ့ အထိ စစ်နေတုန်းပဲ။ တချို့ဆိုင်တွေဆို ပိတ်တောင် ပိတ်ထားရတယ်” ဟု မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့က စစ်ဆေးပြီးနောက် ဖူးခက်မြို့ ဈေးထဲက မြန်မာဆိုင်အချို့မှာလည်း ပိတ်ထားကြကြောင်း ၎င်းက ပြောဆိုသည်။
အာဏာပိုင်များ စစ်ဆေးပြီးနောက် ဖူးခက်မြို့လယ်က မြန်မာဆိုင်အချို့လည်း ပိတ်ထားကြကြောင်း Phuket Times သတင်းဌာနက ဖော်ပြထားသည်။ ထိုင်းပြည်သူများကလည်း ဆိုင်ပြန်ဖွင့်ပါက ပြန်လည်းစစ်ဆေးပေးကြရန် သတင်းပိုစ့်အောက်တွင် ဝေဖန်ရေးသားထားကြသည်။
Ref: Phuket Times, Phuket Hot News







