ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာအုပ်စုအတွင်းရှိ မှီအုံးတောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ် နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်မှစ၍ မောင်မယ်ရှောင်ကျေးရွာအုပ်စု အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ဇွန် ၂၀ ရက်တွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“မှီအုံးတောင်ဘုရားကုန်းပေါ်မှာ (စစ်အာဏာရှင်တပ်) တပ်လာစွဲတာ ၊ တိုက်ပွဲဖြစ်အပြီးမှာ ဘုရားကုန်းကနေ အထိနာပီးပြေးသွားတယ်။ ရွာပတ်ဝန်းကျင်မှာတော့ စစ်ကြောင်းကအင်းအားထပ်တိုးပြီး ရှိနေတုန်းလို့သိရတယ်။ စစ်ကြောင်းက လူအတွေ့မခံဘူး”ဟု မှီအုံးတောင် တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ စစ်ရေးတာဝန်ရှိသူကပြောသည် ။
မှီအုံးတောင် တိုက်ပွဲတွင် DNLA ဘက်မှ လေးဦးသေဆုံးပြီး စစ်အာဏာရှင်တပ်ဘက်တွင်လည်း ၁၀ ဦးဝန်းကျင် သေဆုံးကာ ထိခိုက်သူများခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ကြောင်း ၎င်းကပြောဆိုသည်။
“DNLA က သုံးယောက်က တိုက်ပွဲမှာကျတာ၊ နောက်တစ်ယောက်က ဒဏ်ရာနဲ့ ဆေးကုရင်းဆုံးသွားတယ်”ဟု DNLA ၏ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည် ။
စစ်အာဏာရှင်တပ်သည် မောင်မယ်ရှောင်ကျေးရွာအုပ်စုကို စစ်ကြောင်းမထိုးမီကတည်းက မောင်မယ်ရှောင်ကျေးရွာအုပ်စုမှ ကျေးရွာအချို့ နှင့် ပြည်ထောင်စုကားလမ်းမကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်မှာ ရက်သတ္တပတ်ခန့်ကြာပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည် ။
ယင်းအပြင် စစ်အာဏာရှင်တပ်သည် မှီအုံးတောင် ဘုရားကုန်းက ဆုတ်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာအုပ်စု အတွင်းဆက်ရှိနေသဖြင့် မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ယင်းဒေသခံများထံမှသိရသည် ။
စစ်အာဏာရှင်တပ်က တပ်စွဲရန်နေရာလာယူသည့် မှီအုံးတောင်သည် ထားဝယ်မြို့နှင့် ရှစ်မိုင်ခန့် အကွာတည်ရှိသည့် ထားဝယ်ရာဇဝင်ပါ သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။
ပုံစာ – မှီအုံးတောင်တိုက်ပွဲတွင် သေဆုံးခဲ့သည့် တော်လှန်ရေးရဲဘော်လေးဦး၏ စျာပန။







