လတ်တလောမှာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေထက် လူသန်းပေါင်းများစွာ စိတ်ဝင်တစား ကြည့်ရှုအားပေးနေတဲ့ ဗီဒီယိုတစ်ခု ရှိနေပါတယ်။
အဲ့ဒါကတော့ အာဖရိကတိုက်၊ ယူဂန္ဓာနိုင်ငံ၊ ကန်ပါလာမြို့ဆီက လမ်းဘေး မိဘမဲ့ကလေးငယ်တစ်စုကနေပြီး ကမ္ဘာကျော်တေးသံရှင် ရှာကီရာ ရဲ့ “Dai Dai” သီချင်း Challenge ကို အားရပါးရ ကပြခဲ့တဲ့ ဗီဒီယိုပါပဲ။ အခုဆိုရင် ဒီကလေးတွေကို Shakira က ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးရဲ့ ဖျော်ဖြေရေးစင်မြင့်ထက်အထိ ဖိတ်ခေါ်ဖို့ စီစဉ်နေပါပြီ။
ယူဂန္ဓာနိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်လေးထဲက မိဘမဲ့ကလေးငယ်တွေဟာ အဝတ်အစားနွမ်းဖတ်ဖတ်၊ ဖိနပ်တောင်မပါဘဲ ဖုန်တောထဲမှာ “Dai Dai” သီချင်း Challenge ကို ကပြခဲ့ကြတာပါ။
ဒါပေမဲ့ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေ၊ မယုံနိုင်စရာကောင်းတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ တက်ကြွတဲ့ အားမာန်တွေဟာ ဟောလိဝုဒ်စင်မြင့်က အကသမားတွေထက်တောင် ပိုမိုတောက်ပလွန်းတယ်လို့ ချီးကျူးမှုတွေ ရရှိနေပါတယ်။
ဒီဗီဒီယိုကို ရှာကီရာ ကိုယ်တိုင် မြင်တွေ့သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ သူမရဲ့ တရားဝင် အကောင့်မှာပါ “အချစ်တို့ရေ…အကတွေ အရမ်းမိုက်တယ်” ဆိုပြီး ပြန်တင်ပေးတဲ့အထိ ဖြစ်သွားခဲ့တာပါ။
လက်ရှိမှာတော့ ရှာကီရာ က ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ရင် သူဖျော်ဖြေရမယ့် အစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူဂန္ဓာနိုင်ငံဆီက ဒီမိဘမဲ့ကလေးတွေကို ဖိတ်ကြားခေါ်ယူသွားဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပထမပိုင်းပြီးဆုံးချိန်မှာ ဖျော်ဖြေရေးအစီအစဉ် ပါရှိပြီး ဒီအစီအစဉ်မှာ ရှာကီရာ ကလည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လို့နေပါတယ်။
ရှာကီရာရဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သီဆိုခဲ့တဲ့သီချင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သီဆိုခဲ့တဲ့သီချင်းတွေဟာ ပရိသတ်တွေရဲ့အသည်းစွဲသီချင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။







