ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာသီချင်းများကို သီဆိုဖျော်ဖြေနေသည့် ဘားတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ချင်းမိုင်မြို့ ချန်ဖူအက်ဒေသရှိ ဘားတစ်ခုက တီးဝိုင်းသံများသည် ပတ်ဝန်းကျင်ကို ဆူညံစေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ရဲတပ်ဖွဲ့က မေလ ၂၃ ရက်တွင် သွားရောက်စစ်ဆေးဖမ်းဆီးကြောင်း ဆိုသည်။
ဘားထဲတွင် မြန်မာသီချင်းများကို သီဆိုနေပြီး လာရောက်သူအများစုသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း ဖော်ပြသည်။
အဆိုပါ ဘားသည် ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ဘားထဲတွင် မြန်မာနိုင်ငံသား ၁၂ ဦးသည် တီးဝိုင်းအဖွဲ့နှင့် အလုပ်သမားအဖြစ် လုပ်ကိုင်နေပြီး အားလုံးကို စစ်ဆေးရာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသော်လည်း အလုပ်ရှင်၊ အလုပ်အမျိုးအစား မကိုက်ညီကြောင်း ဖော်ပြသည်။
အလုပ်ရှင်ပြောင်းထားသည်ကို ၁၅ ရက်အတွင်း အလုပ်သမားရုံးသို့ အကြောင်း မကြားထားသဖြင့် အားလုံးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါဘားသည် ပြီးခဲ့သော ဆုန်ကရန် (ထိုင်းသင်္ကြန်) ကာလအပြီးတွင် ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဆိုင်ပိုင်ရှင်နှင့် ငွေကြေးဆက်စပ်သူများကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေသလို လုပ်ငန်းခွင်အတွင်း တရားမဝင် လုပ်ကိုင်နေသော အလုပ်သမားများကိုလည်း စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Chiangmai News, Workpoint 23




