ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့အတွက် အင်္ဂါနေ့ညနေပိုင်းမှာ တရုတ်နိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။
စစ်ပွဲတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကမ္ဘာ့ချိန်ခွင်လျာ တစ်စထက်တစ်စ ပိုမိုပြိုကွဲလာနေချိန် မော်စကိုနဲ့ ဘေဂျင်းအကြား ပိုနီးကပ်လာနေချိန်မှာ ရောက်ရှိလာခဲ့တာပါ။
ဒီခရီးစဉ်ဟာ တစ်နှစ်မပြည့်ခင်အချိန်အတောအတွင်းမှာ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ လူချင်းတွေ့ဆုံတဲ့ ဒုတိယမြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့ ၂၀၀၁ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ရုရှား-တရုတ်ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်းပီသမှုသဘောတူစာချုပ်ရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့လည်း ဒီခရီးစဉ်က တိုက်ဆိုင်နေပါတယ်။
အဲဒီစာချုပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ ဝါဒရေးရာအားပြိုင်မှုနဲ့ အပြန်အလှန်သံသယတွေကို အဆုံးသတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တရားဝင် ခိုင်မာစေခဲ့တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရုတ်မြို့တော် ဘေဂျင်းကို နှစ်ရက်ကြာလာရောက်လို့ သမ္မတရှီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပူတင်ရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
မော်စကိုနဲ့ ဘေဂျင်း မြို့တော်နှစ်ခုစလုံးဟာ ဝါရှင်တန်နဲ့ ရှုပ်ထွေးခက်ခဲတဲ့ ဆက်ဆံရေးကို ကိုင်တွယ်နေရပါတယ်။ ထရမ့် နိုင်ငံခြားရေးမူဝါဒရဲ့ ခန့်မှန်းရခက်တာက ရုရှားနဲ့ တရုတ်ကို ပိုနီးကပ်လာအောင် တွန်းအားပေးနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
မော်စကိုနဲ့ ဘေဂျင်းရဲ့ ပိုခိုင်မာလာတဲ့ မဟာမိတ်ပြုမှုဟာ ယူကရိန်းစစ်ပွဲ၊ အီရန်ပတ်ဝန်းကျင်က မြင့်တက်လာတဲ့ တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရတဲ့ ရေကြောင်းကုန်သွယ်ရေး အဟန့်အတားဖြစ်နေမှုစတဲ့ နောက်ခံအခြေအနေတွေကြားကနေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရတဲ့ ရေကြောင်းကုန်သွယ်ရေး ပိတ်ဆို့မှုအကျပ်အတည်းဟာ ကမ္ဘာ့လောင်စာဆီဈေးကွက်ကို လှုပ်ခတ်စေခဲ့ပြီး မိမိနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရရှိမှုလုံခြုံစိတ်ချရရေးအပေါ် ဘေဂျင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို တကျော့ပြန် မြင့်တက်လာစေပါတယ်။
ကမ္ဘာ့မဟာဗျူဟာမြောက် အရေးအကြီးဆုံး ရေကြောင်းလမ်းတွေထဲကတစ်ခု ခြိမ်းခြောက်ခံနေရတာကြောင့် တရုတ်ဟာ ရုရှားကို ကုန်းလမ်းကနေ စိတ်ချလက်ချ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့နိုင်သူအနေနဲ့ ပိုပိုပြီး မျက်နှာမူလာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်အနေနဲ့ တစ်ပတ်အတွင်းမှာ ထရမ့်ရော ပူတင်ကိုပါ လက်ခံတွေ့ဆုံခဲ့တာဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ ဒါဟာ ပိုစိတ်ဝမ်းကွဲလာနေပြီး မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကြားထဲမှာ တရုတ်နိုင်ငံဟာ ယုံကြည်ထိုက်သူတစ်ဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ပြသဖို့ ကြိုးပမ်းချက်တစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တရုတ်-ရုရှား ဆက်ဆံရေး အပြောင်းအလဲ
တရုတ်နဲ့ ရုရှားဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သမိုင်းကြောင်းအရ ရှုပ်ထွေးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာ ကြာပါပြီ။ တစ်ချိန်က ကွန်မြူနစ်ဝါဒချင်း တူညီတာ၊ အနောက်ကမ္ဘာရဲ့ အရင်းရှင်စနစ်ကို အတူတူ ဆန့်ကျင်ခဲ့ကြတာတွေကြောင့် လက်တွဲခဲ့ကြဖူးပေမဲ့ နောက်ပိုင်းမှာတော့ ဆိုဗီယက်ယူနီယံနဲ့ မော်ဝါဒီ တရုတ်နိုင်ငံဟာ ခါးသီးရန်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလအတွင်းမှာဆိုရင် ကီလိုမီတာ ၄,၃၀၀ (မိုင်ပေါင်း ၂,၆၇၀) ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တင်းမာမှုတွေကြောင့် ပဋိပက္ခဖြစ်လုနီးပါးအထိ ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီနယ်စပ်ဟာ အခုအချိန်မှာတော့ မလုံခြုံမှုတွေ ရှိခဲ့တဲ့ နယ်ခြားနယ်မြေတစ်ခုအဖြစ်ကနေ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်ရာ နယ်ခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။
ရှီကျင့်ဖျင်နဲ့ ပူတင်တို့ နှစ်ယောက်စလုံးဟာ ပြည်ပခရီးစဉ်တွေ ခဏခဏသွားလေ့ရှိသူ မဟုတ်ပါဘူး။ ပူတင်ဟာ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းထုတ်တာ ခံထားရသူဖြစ်ပါတယ်။ ရှီကျင့်ဖျင်ကတော့ သေချာစီစဉ်ထားတဲ့ နိုင်ငံတော်ခရီးစဉ်တွေကလွဲရင် တရုတ်နိုင်ငံပြင်ပကို ထွက်လေ့ထွက်ထ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီခေါင်းဆောင်နှစ်ယောက်စလုံးဟာ သူတို့ အချင်းချင်းကြားက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို ထိန်းသိမ်းဖို့အတွက်တော့ အကြီးအကျယ် ရင်းနှီးအားစိုက်ထုတ်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ‘အဆွေတော်’ လို့ ထပ်တလဲလဲ ခေါ်ဆိုခဲ့ကြသလို သူတို့ကြားက ဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နောက်ပိုင်းမှာ သူတို့နှစ်ယောက် ပိုပြီးရင်းနှီးလာခဲ့တာပါ။ အဲဒီကျူးကျော်စစ်ကြောင့် မော်စကိုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အပယ်ခံဘဝ ပိုရောက်လာခဲ့သလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေက ကရင်မလင်နန်းတော်ကို ကုန်သွယ်ရေးအတွက် အရှေ့တောင်ဘက် (တရုတ်နိုင်ငံဘက်) ဆီ မျက်နှာမူဖို့ တွန်းအားပေးခဲ့ပါတယ်။
“ရုရှားနဲ့ တရုတ်ဟာ အနာဂတ်ဆီကို ယုံကြည်မှုအပြည့်နဲ့ မျှော်ကြည့်နေကြပါတယ်” လို့ ပူတင်က ပြောကြားခဲ့တာကို သူ့ရဲ့ တရုတ်ခရီးစဉ်မတိုင်မီ ရုရှားအစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်နှစ်နိုင်ငံစလုံးဟာ “နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ ဖော်ဆောင်နေကြပြီး ယဉ်ကျေးမှုချင်း ဖလှယ်တာတွေနဲ့ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံမှုတွေကိုလည်း တိုးမြှင့်ခိုင်မာအောင် လုပ်ဆောင်နေတယ်” လို့ ပူတင်က ပြောခဲ့ပါတယ်။
“အဓိကကတော့ နှစ်နိုင်ငံစလုံးရဲ့ ကောင်းကျိုးချမ်းသာအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာစေဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် အရာအားလုံးကို အတူတကွ လက်တွဲပြီး အစွမ်းကုန် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်” လို့ ပူတင်က ဆက်ပြောခဲ့ပါတယ်။
ရုရှားက တရုတ်ကို ဘာကြောင့် လိုအပ်သလဲ
ရုရှားစီးပွားရေးဟာ စစ်တွင်းစီးပွားရေးအသွင် ပြောင်းလဲသွားခဲ့ရတာကြောင့် တရုတ်ဟာ ရုရှားအတွက် စီးပွားရေးအရ အသက်ဆက်ရာ ဖြစ်လာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာလည်း ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ နှစ်ဆထက်မက တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၂၃၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆက်ဆံရေးဟာ ညီတူညီမျှတော့ မရှိပါဘူး။ တရုတ်ဟာ ရုရှားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပေမဲ့ ရုရှားဘက်ကတော့ တရုတ်ရဲ့ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏတစ်ခုလုံးရဲ့ လေးရာခိုင်နှုန်းလောက်ကိုပဲ ကိုယ်စားပြုပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စီးပွားရေးက ရုရှားထက် အဆမတန် ပိုမိုကြီးမားတာကြောင့် နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တဲ့အခါ ဘေဂျင်းဘက်က အထက်စီးဩဇာ အတော်လေး ပိုများပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ မော်စကိုဟာ တရုတ်ရဲ့ နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုအပေါ် ပိုပိုပြီး မှီခိုလာရပါတယ်။ ရုရှားဟာ သူတို့ ပိတ်ဆို့အရေးယူခံထားရတဲ့ နည်းပညာပစ္စည်း တင်သွင်းမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံဆီကနေ ရယူနေရတာ ဖြစ်တယ်ဆိုတာ Bloomberg က မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။
အဲဒီအထဲမှာ ဒရုန်းထုတ်လုပ်ရေးနဲ့ အခြားကာကွယ်ရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့၊ စစ်ဘက်ရော အရပ်ဘက်ပါ နှစ်မျိုးစလုံးသုံးလို့ရတဲ့ နည်းပညာ အစိတ်အပိုင်းတွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပဈေးကွက်တွေက ရုရှားကို တံခါးပိတ်ထားလိုက်ချိန်မှာ တရုတ်ဟာ ရုရှားရေနံနဲ့ အခြားစွမ်းအင်ထုတ်ကုန်တွေကို အဓိကဝယ်ယူပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် ရုရှားအတွက် ရွေးချယ်စရာလမ်းတွေ ကျဉ်းထဲကျပ်ထဲ ဖြစ်နေရချိန်မှာ တရုတ်ရဲ့ ကြီးမားတဲ့ ဝယ်လိုအားပမာဏလောက် အခြားလက်တွေ့ကျတဲ့ ရွေးချယ်စရာ ရုရှားအစိုးရဆီမှာ မရှိသလောက်ပါပဲ။
အခုလို ဟန်ချက်မညီမှုကြောင့်ပဲ ဘေဂျင်းဟာ ဆွေးနွေးပွဲတွေမှာ အမြဲတမ်းလိုလို အသာစီးရတဲ့ အနေအထားကနေ စကားပြောနိုင်ပြီး ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လျှော့ဈေးနဲ့ ရယူနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တစ်ဖက်မှာလည်း ရုရှားရဲ့ စီးပွားရေးအနာဂတ်အပေါ် တရုတ်က သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပိုပြီးတော့ ချဲ့ထွင်လာနေပါတယ်။
တရုတ်က ရုရှားကို ဘာကြောင့် လိုအပ်နေသေးတာလဲ
နှစ်နိုင်ငံဆက်ဆံရေးဟာ ညီတူညီမျှမရှိဘူးဆိုပေမဲ့ တစ်ဖက်သတ်ဆန်နေတာမျိုးတော့ မဟုတ်ပါဘူး။ မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ပိုပိုပြီး တန်ဖိုးတက်လာတဲ့ အရာတစ်ခုကို ရုရှားက တရုတ်အတွက် ထောက်ပံ့ပေးနေပါတယ်။
အဲဒါကတော့ ထိခိုက်လွယ်တဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေရဲ့ အလွန်မှာ ကြီးမားလှတဲ့ စွမ်းအင်အရင်းအမြစ်တွေကို တရုတ်အနေနဲ့ စိတ်ချလက်ချ ရယူပိုင်ခွင့်ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ပဋိပက္ခနွယ် ရေကြောင်းလမ်းတွေကို ဖြတ်သန်းသယ်ယူရတဲ့ ပြည်ပကတင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် အကြီးအကျယ် မှီခိုနေရတာပါ။ အီရန်ပတ်ဝန်းကျင်က စစ်ပွဲတွေနဲ့ ဟော်မုဇ်ရေလက်ကြား ရေကြောင်းပိတ်ဆို့ပြတ်တောက်မှုက ဘေဂျင်းရဲ့ စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေကို ပိုမြင့်တက်စေခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ Power of Siberia 2 လောင်စာဆီပိုက်လိုင်း စီမံကိန်းအပေါ် စိတ်ဝင်စားမှုကို တကျော့ပြန် မြင့်တက်လာစေခဲ့ပါတယ်။
ဒီစီမံကိန်းဟာ ဒီအပတ်အတွင်း ပြုလုပ်မယ့် ဆွေးနွေးပွဲတွေမှာ အဓိကအချက်အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။
ဒီပိုက်လိုင်း စီမံကိန်းသာ ပြီးစီးသွားရင် မွန်ဂိုလီးယားနိုင်ငံကို ဖြတ်ပြီး ရုရှားသဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၅၀ ကို တရုတ်နိုင်ငံဆီ နှစ်စဉ် ပို့လွှတ်ပေးနိုင်မှာဖြစ်လို့ နှစ်နိုင်ငံကြား စွမ်းအင်စီးဆင်းမှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ စီးပွားရေးသက်သက် ဆက်ဆံရေးမျိုးထက်မက ပိုပါတယ်။ တရုတ်ဟာ ရုရှားကို မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးမဟာမိတ်တစ်ဦးအနေနဲ့လည်း တန်ဖိုးထားပါတယ်။ နှစ်နိုင်ငံစလုံးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပြီး အမေရိကန်ဦးဆောင်တဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့နေရာမှာ သံတမန်ရေးအရ မကြာခဏဆိုသလို သဘောထားချင်းတိုက်ဆိုင်လေ့ရှိပါတယ်။
တရုတ်နိုင်ငံဟာ တင်းကျပ်တဲ့ စစ်ရေးမဟာမိတ်ဖွဲ့ပြီး ရုရှားနဲ့ တရားဝင် ချည်နှောင်ထားတာမျိုး မဖြစ်အောင် သတိထားနေလာခဲ့တယ်လို့ ဆန်းစစ်သူတွေက ဆိုကြပါတယ်။ ဒါပေမဲ့လည်း ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပူးတွဲပင်လယ်ပြင်ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ပိုပိုပြီးတော့ ပုံမှန်ဖြစ်လာတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကတစ်ဆင့် သူတို့ရဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကိုတဖြည်းဖြည်းချင်း အားကောင်းအောင် လုပ်ဆောင်လာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ ရုရှားဟာ ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့အနီးက ဂျပန်ပင်လယ်ပြင်မှာ ရေတပ်စစ်ရေးလေ့ကျင့်မှုအသစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေမှာ ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဒုံးကျည်ကာကွယ်ရေးနဲ့ ပင်လယ်ပြင်တိုက်ပွဲ ဆင်နွှဲမှုတွေကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ တရားဝင်မဟာမိတ်တွေလိုမျိုး အပြန်အလှန်စစ်ရေးကတိကဝတ်တွေ မလိုဘဲ ဘေဂျင်းနဲ့ မော်စကိုအကြား မဟာဗျူဟာမြောက် ရပ်တည်ချက်တူညီမှုကို ပြသရာရောက်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီမဟာမိတ်ပြုမှုရဲ့ အားသာချက်ဟာ ပြောင်းလွယ်ပြင်လွယ်ရှိမှုအပေါ်မှာ တည်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရုရှားနဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ မခိုင်မာဘူး၊ အနောက်ကမ္ဘာကို လက်တွဲဆန့်ကျင်မှုအပေါ်မှာ အဓိကအခြေခံထားတယ်လို့ အနောက်နိုင်ငံအစိုးရတွေက မကြာခဏ ပုံဖော်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံရေးဝါဒသက်သက်ကြောင့်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် တူညီတဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေအပေါ်မှာ အမြစ်တွယ်နေတာကြောင့် ရုရှားနဲ့ တရုတ်ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ ရေရှည်ခိုင်မြဲနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လုချိုင်း
(Al Jazeera က မေလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည့် Putin meets Xi: Why Russia and China need each other ဆောင်းပါးကို ဘာသာပြန်သည်)







