အီရန်နှင့် မည်သည့်သဘောတူညီချက်ကိုမဆို အလျင်စလို မလုပ်ဆောင်ရန် မိမိ၏ ကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
အီရန်နှင့် သဘောတူညီချက်တစ်ရပ် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်း မရှိခင်အချိန်အထိ ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်သင်္ဘောများအပေါ် အမေရိကန်၏ ပိတ်ဆို့မှု ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
သဘောတူညီချက်ရရှိရန် အမေရိကန်နှင့် အီရန်နှစ်ဖက်စလုံးအနေဖြင့် အချိန်ယူပြီး စေ့စပ်သေချာစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ အီရန်အစိုးရထံမှ ချက်ချင်းတုံ့ပြန်မှု တစ်စုံတစ်ရာ ထွက်ပေါ်မလာသေးပေ။
သို့ရာတွင် အီရန်၏ ပိတ်ဆို့ခံထားရသည့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးရန် တောင်းဆိုချက်အပါအဝင် အလားအလာရှိ သဘောတူညီချက်ပါ အချက်အချို့ကို အမေရိကန်က ဆက်လက်နှောင့်ယှက် ပိတ်ဆို့နေဆဲဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ဆက်နွယ်နေသည့် Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုကို အမေရိကန်နှင့် အီရန်အကြား အချက်တော်တော်များများ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတထရမ့်က မကြာသေးမီရက်ပိုင်းအတွင်း ပြောကြားထားသည်။
သို့ရာတွင် အီရန်၏ အဏုမြူပိုင်ဆိုင်ရေးရည်မှန်းချက်များ၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အစ္စရေး၏စစ်ပွဲ၊ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန် အီရန်၏ တောင်းဆိုချက်များနှင့် ပြည်ပဘဏ်များတွင် ပိတ်ဆို့သိမ်းဆည်းထားသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ အီရန်ရေနံဝင်ငွေများကို ပြန်လည်လွှဲပြောင်းပေးရေး စသည့် ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။
Source: Reuters







