ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင်ကြား စစ်အာဏာရှင်တပ်၏ ဘိုဒါးစခန်းကို KNLA နှင့်ပူးပေါင်းတပ်များ သိမ်းယူ

April 25, 2026

ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့ကြားက စစ်အာဏာရှင်တပ်၏ ဘိုဒါးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ဘိုဒါးစခန်းသည် မြိတ်-ကော့သောင်း အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိပြီး အာဏာသိမ်းကာလတွင် စစ်အာဏာရှင်တပ်က ၂နှစ်ကျော်ကြာ တပ်စွဲထားသည့် စခန်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါစခန်းတွင် စစ်အာဏာရှင်တပ်သား ၂၀ ခန့်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။

“ကျွန်တော်တို့ဘက်က ဘာမှထိခိုက်ကျဆုံးမှု မရှိဘူး။ ရန်သူက ဆုတ်ခွာသွားတယ်။ အရပ်သားဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုတွေလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစခန်းကို ဧပြီလ ၂၀ တွင် စတင်တိုက်ခိုက်ခဲ့ပြီး ငါးရက်မြောက်နေ့တွင် စခန်းကိုသိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Photo – KNU