ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဆင်နယ်နောက်ခံလူ ဆာလီဘား နောက်ကျောဒဏ်ရာကြောင့် ကာလကြာအနားယူရမယ်

July 24, 2026

အာဆင်နယ်အသင်းရဲ့ အဓိကခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဝီလီယံ ဆာလီဘာ ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်တုန်းက ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာကြောင့် အချိန်တစ်ခုကြာ အနားယူရတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းက တရားဝင် အတည်ပြုလိုက်ကြောင်း BBC က သတင်းဖော်ပြလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆာလီဘားဟာ နောက်ကျောဒဏ်ရာပြဿနာကို သီတင်းပတ်နဲ့ချီပြီး ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဒီဒဏ်ရာရှိနေပါလျက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့တာမှာ ဒဏ်ရာအခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စပိန်က ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆလီဘားက နာရီဝက်ပဲ ပြင်သစ်အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် သူ့ကို လူစားလဲလိုက်ရပါတယ်။

ဒီဒဏ်ရာကြောင့်ပဲ သူဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ တတိယနေရာလုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိလာပြီးနောက် ဆလီဘားရဲ့ဒဏ်ရာကို အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသစစ်ဆေးခဲ့ပြီး ဆေးစစ်ချက်အဖြေတွေအရ ဆလီဘားရဲ့ဒဏ်ရာကို ခွဲစိတ်ကုသတာမျိုး မလုပ်တော့ဘဲ တစ်ဆင့်ချင်းအလိုက် ပြန်လည်တိုးတက်သက်သာကောင်းမွန်လာရေးအစီအစဉ်နဲ့သာ ကုသသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ကျွန်တော် အသေးစားဒဏ်ရာလေးတွေ ရရှိခံစားနေရတာက လနဲ့ချီပါပြီ။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပွဲတွေလည်း ရှိနေတဲ့အတွက် ကျွန်တော် အံကြိတ်ပြီး ဆက်ကစားနေခဲ့တာပါ။ ကမ္ဘာ့ဖလားဆိုတာကလည်း လေးနှစ်မှ တစ်ခါပဲ လာတာကြောင့် မလွဲချင်ဘူးလေ။ စွန့်စားခဲ့မှုတွေရဲ့ဒဏ်ကို ပြန်ခံစားရတာပါပဲ”လို့ ဆလီဘားက ထုတ်ဖော်အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆာလီဘားဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲစဉ်ပေါင်း ၅၀ တိတိ ပါဝင်ကစားပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ရာမှာလည်း ဆာလီဘားရဲ့ ခြေစွမ်းက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ လာမယ့် သြဂုတ်လ ၁၆ ရက် (တနင်္ဂနွေနေ့) ရောက်ရင် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက် ၅ ရက်အကြာမှာတော့ တန်းတက် ကိုဗင်ထရီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားကာ ပရီးမီးယားလိဂ်ရာသီသစ်ကို စတင်ဖွင့်လှစ်ရဖို့ ရှိနေပါတယ်။