ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် ဇွန်လဒုတိယပတ်ကစပြီး မည်သည့်အကြောင်းအရင်းကြောင့်မျှ ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန်မလိုဟု စာကပ်ထားသော်လည်း မြေပြင်တွင်မူ ငွေကြေးပေးဆောင်ပြီး သွားလာနေရကြောင်း ငွေတောင်းခံရသည့် ခရီးသွားများနှင့် ခရီးသည်တင်ကား မောင်းနှင်သူများထံမှ သိရသည်။
ထားဝယ်မြို့အဝင်အထွက် စစ်အာဏာရှင်တပ်ဂိတ်များဖြစ်သည့် အိမ်ရှေ့ပြင်၊ ပေါက်တိုင်း၊ ဗျောတော၀နှင့် ကမြောကင်း တံတားဂိတ်တို့တွင် ဇွန်လဒုတိယပတ်ကစပြီး ယင်းသို့ အသိပေးစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးသော နေရာသာဖြစ်၍ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန် မလိုကြောင်း တံတားပေါ်တွင် ကပ်ထားသည့် အသိပေးစာတွင် ဖော်ပြသည်။
အကယ်၍ ငွေကြေးတစ်စုံတစ်ရာ တောင်းခံပါက မိဘပြည်သူများအနေဖြင့် တိုင်ကြားနိုင်သည်ဟုဆိုပြီး ဖုန်းနံပါတ်သုံးခုဖြင့် အသိပေးထားသည်ကို တွေ့ရကြောင်း ခရီးသွားဒေသခံများက ပြောသည်။
သို့သော် လက်တွေ့တွင်မူ စာကပ်ပြီးနောက်ပိုင်းတွင်လည်း ခရီးသည်တင်ကားများ၊ ကုန်တင်ကားများကို အကြောင်းမျိုးမျိုး ပြပြီး ငွေကြေးတောင်းခံနေဆဲဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသူ ခရီးသည်တင်ယာဉ်မောင်း အမျိုးသားတစ်ဦးက ဆိုသည်။
“ကားငယ်ဆိုရင် (ကျပ်) သုံးထောင်ထက်မနည်း ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ခရီးသွားပြည်သူများသည်လည်း အထက်ပါမြို့ဝင်အထွက်ဂိတ်တို့တွင် ရှောင်တခင် စစ်ဆေးကာအကြောင်း အမျိုးမျိုးပြပြီး ယခုရက်ပိုင်းအတွင်းပင် ငွေကြေး သောင်းဂဏန်းအထိ တောင်းခံနေဆဲဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသူ အမျိုးသားတစ်ဦးက ဆိုသည်။
“မှတ်ပုံတင်မှာ ပုံဝါးနေတာ၊ အသက်ပြည့်လို့ မှတ်ပုံတင်မလဲရသေးတာတွေလည်း သူတို့ အကြောင်းမရှိ အကြောင်းရှာ ရစ်တာပါပဲ။ ငွေကြေး မပေးရဘူးလို့ စာပြားသာကပ်ထားတယ်၊ အောက်ခြေမှာ လုပ်ချင်ရာလုပ်နေကြာတာ” ဟု ထားဝယ်ဒေသခံ ခရီးသွားတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်သည် ခရီးသွားပြည်သူလူငယ်များအား စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခြင်းတို့ကိုလည်း ယင်းစစ်ဆေးရေးဂိတ်တို့တွင် အများဆုံးလုပ်ဆောင်လေ့ရှိကြောင်း ထားဝယ်မြို့ခံများက ပြောဆိုသည်။
ဇွန်လ ဒုတိယပတ်ကစပြီး ထားဝယ်မြို့အတွင်းရှိ ဆန်းချီလမ်းဆုံ၊ အာဇာနည်လမ်းမပေါ်ရှိ တိုင်းအစိုးရုံးနှင့် စျေးကြီးကြား လမ်းသွယ်၊ DDPC မီးပွိုင့်နှင့် မြို့တွင်း လမ်းဆုံလမ်းခွများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ခရီးသွားပြည်သူများကို စစ်ဆေး ဖမ်းဆီး ဒဏ်ရိုက်မှုများမှာလည်း ယခင်ကထက် ပိုများလာကြောင်း မြို့ခံများက ပြောသည်။







