မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး စက်သုံးဆီ အခက်အခဲကြောင့် ရေကို စျေးကြီးပေး ဝယ်သုံးနေရကြောင်း ဒေသခံများက ပြောသည်။
မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ဘီလူးကျွန်း၊ ပေါင်၊ ဘီးလင်းအစရှိသည့်မြို့နယ်တို့တွင် သင်္ကြန်ကာလအပြီးတွင် သောက်သုံးရေ ရှားပါးမှု စတင်ကြုံတွေ့လာရပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့်နေရာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ဆိုသည်။
ရာသီဥတု အလွန်ပူပြင်းသည့်အတွက် သင်္ကြန်ကာလပြီးနောက် ရေတွင်းရေကန်များ စတင်ခမ်းခြောက်လာသလို ရေတွင်း ရေကန် တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ရပ်ကွက်၊ ကျေးရွာတို့တွင်လည်း သောက်သုံးရေ ပြတ်လပ်မှု စတင်ကြုံတွေ့လာခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။
“သင်္ကြန်လည်းပြီး ရေတွင်းက ရေတွေလည်း ခန်းကုန်တာ၊ ရေတင်လို့ မရတော့ အခု ဝယ်သုံးနေရတယ်။ တစ်ပီပါကို ၅၀၀၀ နဲ့။ ရေမရှိလို့ မရဘူးလေ။ စျေးကြီးလည်း ဝယ်ရတာပဲ။ အခု ဆီအခက်အခဲဖြစ်နေတာနဲ့ ရောင်းပေးတာတောင် ကျေးဇူး တင်ရမှာ” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
သောက်သုံးရေ ပြတ်လပ်နေသည့်နေရာ ဒေသတို့တွင် ရေကို ဝယ်သုံးနေရပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စက်သုံးဆီ အခက်အခဲကြောင့် ရေကို စျေးကြီးပေးပြီး ဝယ်သုံးနေကြရသည်။
စက်သုံးဆီအခက်အခဲကြောင့် ယခုနှစ်တွင် ရေရောင်းသူ မရှိသလောက်နည်းပါးသည့်အတွက် စျေးကြီးပေးဝယ်သော်လည်း ဝယ်ရခက်ခဲကြောင်း ဒေသခံများက ဆိုသည်။
ရေတွင်းရေကန်များ ခန်းခြောက်လာသည့်အတွက် ရေများကို ဆည်မြောင်းနှင့် အဝီစိတွင်းရေးများမှ စုပ်ယူပြီး လိုက်လံရောင်းချနေကြောင်း ရေရောင်းချနေသူများထံမှ သိရသည်။
“တချို့ တကယ်လိုအပ်နေလို့ နိုင်သလောက် ရောင်းပေးနေတာ။ ဆီက ဝယ်မရ၊ စျေးကလည်း ကြီးတာ မကိုက်ဘူးလေ။ ဘာမှမရဘူး။ အဲဒီလို အခြေအနေကြောင့်မို့လို့ ဒီနှစ် ရေရောင်းတဲ့လူ မရှိတာ” ဟု ရေရောင်းချသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်များက သောက်သုံးရေပြတ်လပ်သည့် ရပ်ကွက်၊ ကျေးရွားများကို လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့တို့က လာရောက် ရေလှူဒါန်းပေးလေ့ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီအခက်အခဲကြောင့် ရေလှူဒါန်းသူ မရှိကြောင်းလည်း ဒေသခံများက ဆိုသည်။
စစ်အာဏာမသိမ်းခင်က သောက်သုံးရေပြတ်လပ်လေ့ရှိသည့် ရပ်ကွက်၊ ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက ရေအခက်အခဲကို ကူညီဖြေရှင်းပေးမှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ရေရှားပါးမှု ပြဿနာကို ကူညီဖြေရှင်းပေးခြင်း မရှိကြောင်းလည်း ပြောဆိုသည်။







