ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ရေးတင်းမာလာ၍ အရှေ့အလယ်ပိုင်း လေကြောင်း ခရီးစဉ်အချို့ ရပ်ဆိုင်း

January 24, 2026

အမေရိကန်နှင့် အီရန်အကြား လက်ရှိတင်းမာမှုကြောင့် ပါရှန်းပင်လယ်ကွေ့ဒေသတစ်ခုလုံး ရိုက်ခတ်လာနိုင်သဖြင့် ပြင်သစ်လေကြောင်းလိုင်း Air France နှင့် နယ်သာလန်လေကြောင်းလိုင်း KLM တို့သည် အရှေ့အလယ်ပိုင်း နိုင်ငံအချို့သို့ လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများကို ယာယီဆိုင်းငံ့ထားလိုက်သည်။

အီရန်အစိုးရ၏ ဆန္ဒပြပွဲနှိမ်နင်းမှုများကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်စစ်အင်အား တိုးမြှင့်နေချိန်တွင် ယင်းသို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ပဲရစ်နှင့် ဒူဘိုင်းအကြား လေယာဉ်ပျံသန်းမှုများကို ဇန်နဝါရီ ၂၃ နှင့် ၂၄ ရက်တို့တွင် ယာယီဖျက်သိမ်းကြောင်း Air France က ထုတ်ပြန်ထားသည်။

ဒူဘိုင်း ၊ ရီယတ် ၊ ဒါမမ်နှင့် တဲလ်အဗစ်မြို့များသို့ လေယာဉ်ပျံသန်းပြေးဆွဲမှုများကို နောက်ထပ် အသိပေးချက် ထွက်ပေါ်မလာခင်အချိန်အထိ ရပ်နားထားမည် ဖြစ်ကြောင်း နယ်သာလန်လေကြောင်းလိုင်း KLM က ထုတ်ပြန်ထားသည်။

ကြိုတင်ကာကွယ်မှုအနေဖြင့် အီရန် ၊ အီရတ်နှင့် အစ္စရေးအပါအဝင် ပင်လယ်ကွေ့နိုင်ငံများ၏ လေပိုင်နက်များကို ရှောင်ကွင်းပျံသန်းနေကြောင်းလည်း ထုတ်ပြန်ထားသည်။

အဆိုပါ လေကြောင်းလိုင်းနှစ်ခုစလုံးကို Air-France-KLM ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်သည်။

ယခု လေကြောင်းခရီးစဉ်ရပ်ဆိုင်းမှုသည် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် အရပ်ဘက်လေကြောင်းလိုင်းများ ထိခိုက်ရပုံကို ဖော်ပြနေကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ ရေတပ်အင်အား တိုးမြှင့်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုပြီးနောက် ယခု ဖြစ်ရပ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်အစိုးရက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အီရန်ကို တိုက်ခိုက်သွားမည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည့်အတိုင်း အမှန်တကယ် တိုက်ခိုက်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ဗြိတိန်လေကြောင်းလိုင်းများသည်လည်း အမေရိကန်ရေတပ်စခန်းအခြေစိုက်ရာ ဘာရိန်းနိုင်ငံသို့ လေယာဉ်ပျံသန်းမှုများကို ဇန်နဝါရီလဆန်းပိုင်းက ယာယီရပ်နားထားခဲ့သည်။

အီရန်က ကာတာရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်ဖြင့် မပစ်ခတ်မီ ယမန်နှစ် ဇွန်လတွင်လည်း ပင်လယ်ကွေ့နိုင်ငံများတွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။

အီရန်၏ အဆိုပါ တိုက်ခိုက်မှုကြောင့် ကာတာနှင့် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ လေပိုင်နက်ကို ပိတ်ထားခဲ့ရပြီး နိုင်ငံတကာလေကြောင်းလိုင်းများ အကြီးအကျယ် အခက်တွေ့ခဲ့ရသည်။

Source: Reuters ၊ The Times of Israel