ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတောင်ပိုင်းတွင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင်ငါးဦး သေဆုံးပြီး အရပ်သားငါးဦး ဒဏ်ရာရ

July 23, 2026

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်ဖြစ်သော နရသီဝပ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ခုက ကားဖြင့် လာရောက် ပစ်ခတ်ခဲ့ရာမှ အထူးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အရပ်သားပြည်သူ ငါးဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၂ ရက် ည ၇ နာရီခန့်က ရငယ်ဒေသ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ထိုင်းစစ်သားများကို လက်နက်ကိုင်အဖွဲ့တစ်ခုက ကားဖြင့်လာရောက်၍ သေနတ်၊ လက်လုပ်ဗုံးတို့ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့ဝင် ခြောက်ဦးသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံတပ်ဆင်၍ ပစ်ကပ်ကားဖြင့် ရောက်လာကာ စစ်ဆေးရေးဂိတ်အရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးအရာရှိတစ်ဦးအပါအဝင် အထူးတပ်ဖွဲ့ဝင် ငါးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်မှုအပြီး လက်နက်ကိုင်များက အမြန်လမ်းမကြီးအတိုင်း ထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်အထိ လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၂၁ ရက် ညက နရသီဝပ်မြို့ ရဲစခန်းအနီး ကားဗုံးပေါက်ကွဲခဲ့ပြီး နောက်တစ်ရက်တွင် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

လက်ရှိတွင် ပစ်ခတ်မှုဖြစ်ခဲ့သော ပတ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်ချထားပြီး သေဆုံးသူမိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြောင်း လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။