ထားဝယ်မြိုပေါ်တွင် ဇွန်လအတွင်း ဆိုင်ကယ် ခိုးယူခံရမှုနှင့် အလစ်သုတ်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြိုခံများက ပြောသည်။
လူနေအိမ်များတွင် ညဘက် ၀င်ရောက် ခိုးယူခြင်းနှင့် စျေးဆိုင်များတွင် နေခင်းကြောင်တောင် အလစ်သုတ်ခြင်းတို့ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။
ဇွန်လ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ရှမ်းမလည်ဆွဲရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်းရှိ အိမ်တစ်ဆောင်တွင် wave အမျိုးအစား ဆိုင်ကယ်တစ်စီး ညဘက် ခိုးယူခံရကြောင်း ဆိုင်ကယ်အခိုးခံရသည့် မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။
“ဆိုင်ကယ် သုံးလေးစီးထားထားတဲ့အထဲက တစ်စီးတည်းပါသွားတာ။ (သူခိုးကို) အခုအထိ မရသေးဘူး” ဟု ၎င်းက ပြောသည်။
ဇွန်လ ဒုတိယပတ်အတွင်းကလည်း ပိန္နဲတောစျေး၌ နံနက်ပိုင်း စျေးဝယ်သူတစ်ဦး၏ ဆိုင်ကယ် အလစ်သုတ်ခံရကြောင်း စျေးဝယ်သူ မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူစျေးထဲက ပြန်ထွက်လာတော့ သူ့ဆိုင်ကယ် မတွေ့ရတော့ဘူး။ ထိုင်ငိုနေတာ သနားစရာ” ဟု ၎င်းက ပြောဆိုသည်။
ပိန္နဲတောစျေး၌ ဆိုင်ကယ် အလစ်သုတ်သွားသူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်ကို CCTV မှတ်တမ်းအရသိကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည် မေလ ၃၁ ရက်ကလည်း ထားဝယ်မြို့ ကလေးကစားကွင်းသို့ လာရောက်လည်ပတ်သူ မြို့ခံတစ်ဦး၏ ဆိုင်ကယ် ခိုးယူခံလိုက်ရသေးသည်။
အာဏာသိမ်းပြီးနောက် ထားဝယ်မြို့ပေါ်တွင် နေအိမ်ခြံဝင်း ဖောက်ထွင်းပြီး ဆိုင်ကယ် ခိုးယူခံရမှုများ ဆက်တိုက် ရှိသော်လည်း ခိုးယူခံရသည့် ဆိုင်ကယ်များ ပြန်လည်ရရှိမှုမှာ မရှိသလောက် နည်းပါးကြောင်း မြို့ခံများက ဆိုသည်။
တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် လုံခြုံမှု မရှိသည့် အခြေအနေတို့ကို အခွင့်ကောင်းယူကာ မသမာသူအချို့ အတင်းရဲလာနေ၍ စိုးရိမ်ဖွယ်ဖြစ်ကြောင်း မြိုခံတို့က ပြောဆိုကြသည်။
ထား၀ယ်မြို့အတွင်း သွားလာနေသည့် ဆိုင်ကယ်များ(ပုံဟောင်း)
Photo – Dawei Watch







