ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇရာထောင်းသော်လည်း စစ်ခရာသံ အားကောင်းလာသည့် အရှေ့အာရှ

May 23, 2026

အရှေ့အာရှ၏ လူဦးရေသည် မြန်မြန်ဆန်ဆန်ပင် အိုမင်းရင့်ရော်လာနေ၏။ သို့သော် ဤဒေသရှိ နိုင်ငံများကမူ အေးအေးလူလူ အနားယူသူများ သို့မဟုတ် ငြိမ်းချမ်းရေးဝါဒီများ ဖြစ်လာရမည့်အစား ၎င်းတို့၏ စစ်တပ်များကို ခေတ်မီအောင် အပြိုင်အဆိုင် အဆင့်မြှင့်နေကြသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် လူ့သက်တမ်းသည် ပိုရှည်လာကြသည်။ ကလေးမွေးဖွားနှုန်းမှာကား လူဦးရေအစားထိုးနိုင်သည့် ပမာဏထက် လျော့နည်းနေပြီ။

ဂျပန်နိုင်ငံတွင် ဆိုလျှင် ပျမ်းမျှ လူသုံးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သက်ကြီးရွယ်အိုပမာဏ အမြင့်ဆုံးအချိုးအစား ဖြစ်သည်။

တောင်ကိုရီးယားသည်လည်း ၂၀၂၄ ခုနှစ်တွင် ကလေးမွေးဖွားနှုန်း ကမ္ဘာ့အနိမ့်ဆုံး နိုင်ငံအဖြစ် စံချိန်တင်ခဲ့သည်။ မွေးနှုန်းမှာ ၀.၇၄ အထိ ကျဆင်းသွားခြင်း ဖြစ်သဖြင့် ထိုစဉ်က သမ္မတ ယွန်းဆွတ်ယိုးသည် နိုင်ငံလုံးဆိုင်ရာ လူဦးရေ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာရသည်အထိ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ပထမဆုံး လူဦးရေကျဆင်းမှု အစီရင်ခံစာကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ် လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့်အထက်ဖြစ်သော “အိုမင်းလာနေသော” လူ့အဖွဲ့အစည်းမှ “အိုမင်းပြီးသား” လူ့အဖွဲ့အစည်းသို့ ကူးပြောင်းသွားပြီဖြစ်သည်။

ဆိုခဲ့ပါ လူဦးရေဆိုင်ရာ အဟန့်အတားများ ရှိနေသော်လည်း ထိုနိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ်မှာကား အတက်ချည်းသာ။ ထပ်၍လည်း တက်နေဦးမည်ဟု ယူဆရ၏။

ဇရာထောင်းလည်း မာန်မကျ

သာမန်တွေးကြည့်လျှင် အိုမင်းရင့်ရော်လာသော လူ့အဖွဲ့အစည်းများသည် ပိုမို အေးချမ်းတည်ငြိမ်သော အပြုအမူများ ရှိလာကြမည်ဟု ယူဆ၍ ရနိုင်သည်။ သမားရိုးကျ လူဦးရေ သီအိုရီအရ လူငယ်အရေအတွက် နည်းပါးပြီး လူမှုဖူလုံရေးနှင့် ပင်စင်လစာစရိတ်များ ပိုမိုမြင့်မားသော လူ့အဖွဲ့အစည်းများသည် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများတွင် ငွေကြေးသုံးစွဲလိုစိတ် နည်းပါးမည်ဟု ယူဆကြသည်။

“ယေဘုယျ ပြောရရင် လူဦးရေတိုးပွားတာဟာ နိုင်ငံတွေရဲ့ နယ်မြေချဲ့ထွင်လိုတဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေပါတယ်” ဟု ရာဂျာရတ္တနမ် နိုင်ငံတကာလေ့လာရေးကျောင်းမှ လက်ထောက်ပါမောက္ခ ဂျယ်ဟန်ပတ်ခ်က ပြောသည်။

“ကျုံ့သွားတဲ့လူဦးရေကို ကြည့်ပြီး ဒါဟာ ရန်လိုမှုပိုနည်းတဲ့ မူဝါဒဆီ ဦးတည်သွားလိမ့်မယ်လို့ ယူဆတာ ဒါမှမဟုတ် မျှော်လင့်တာဟာ လက်တွေ့မကျတာတော့ မဟုတ်ပါဘူး” ဟုလည်း သူကဆိုသည်။

သို့သော်လည်း အရှေ့အာရှတွင်မူ ထိုယူဆချက်သည် လက်တွေ့နှင့် မနီးစပ်ပါပေ။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများသည် စစ်ရေးလှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ်များကို အာဘောင်အာရင်းသန်သန် ပြောဆိုနေကြသည်သာမက စစ်တပ်ကို အဆင့်မြှင့်ခြင်း၊ စစ်ရေးဘတ်ဂျက်များ တိုးမြှင့်ခြင်းတို့ပါ လုပ်ဆောင်နေကြကြောင်း ကာကွယ်ရေးဆိုင်ရာ သုတေသီ ရစ်ဇဝန်ရာမက်က ဆိုသည်။

ဂျပန်သည် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ၏ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ပန်းတိုင်ချထားသည်။ ကာလရှည်ကြာ အလွတ်သဘော ကျင့်သုံးလာသော ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းဝန်းကျင်သာ သုံးစွဲရေး အယူအဆကို စွန့်ပယ်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် တင်းမာမှုများ ပြင်းထန်လာနေချိန်တွင် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တိုကျို၏ ကာကွယ်ရေးဘတ်ဂျက်မှာ စံချိန်တင် ယန်း ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ) ဖြစ်သည်။

ဂျပန်သည် ပြည်တွင်း၌ လူအင်အား အခက်အခဲ ကြုံတွေ့နေရသည်။ နိုင်ငံ၏ စစ်တပ်ဟု ဆိုရမည့် ကာကွယ်ရေးတပ်ဖွဲ့ (SDF) သည် စစ်သားစုဆောင်းရေး သတ်မှတ်အရေအတွက် မပြည့်မီသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ SDF တွင် စုစုပေါင်း ဝန်ထမ်းအင်အား ၂၄၇,၀၀၀ ခန့်ရှိသည့်အနက် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နုတ်ထွက်သူ တပ်ဖွဲ့ဝင် ၆၂၀၀ ကျော်အထိ ရှိခဲ့သည်။ ဤပမာကား ၁၅ နှစ်အတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်သည်။

ဂျပန်၏ ငြိမ်းချမ်းရေးအခြေခံဥပဒေ၌ စစ်မှုမထမ်းမနေရစနစ်ကို ပိတ်ပင်ထားသည်။ သို့အတွက် အစိုးရသည် စစ်မှုထမ်းများကို စည်းရုံးရန်နှင့် ရေရှည်တာဝန်ထမ်းဆောင်ကြအောင် ဆွဲဆောင်သည့်အနေဖြင့် လစာနှင့် အကျိုးခံစားခွင့်များ တိုးမြှင့်ပေးသည့် တချိန်တည်း၌ နည်းပညာဘက်သို့လည်း အဖြေတစ်ရပ်အဖြစ် ဦးလှည့်လာခဲ့သည်။

တောင်ကိုရီးယားတွင် ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ စစ်တပ်သည် လွန်ခဲ့သည့် ၆ နှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့ပြီး တပ်ဖွဲ့ဝင် ၄၅၀,၀၀၀ ခန့်သာ ရှိတော့ကြောင်း ပြောကြားထားသည်။

အစိုးရသည် အဆင့်မြင့်နည်းပညာသုံး လက်နက်များ စတင်သုံးစွဲရန်နှင့် စစ်ဘက်လစာများ မြှင့်တင်ရန် ရည်ရွယ်ထားရာ နိုင်ငံ၏ ၂၀၂၆ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ဝမ် ၆၅.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ) အထိ စံချိန်တင် ရောက်ရှိမည်ဟု ယူဆရသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်သည်ကား ၂၀၂၅ ခုနှစ်တွင် ယွမ် ၁.၇၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၅၅ ဘီလီယံ) အထိ မိုးထိုးသွားခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း နှစ်ဆကျော် မြင့်တက်သွားခြင်း ဖြစ်သည်။

ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သော တရုတ်သည် ၎င်း၏ လူအင်အားကို စစ်ရေးအားသာချက်အဖြစ် တောက်လျှောက် အသုံးချခဲ့သည်။ သို့သော် တရုတ်စစ်တပ်သည် ယခုအခါ နိုင်ငံ၏ မွေးဖွားနှုန်း ကျဆင်းလာသည့် တချိန်တည်း၌ အဆင့်မြင့်နည်းပညာသုံး စွမ်းဆောင်ရည်များဆီသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်သည် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့်ရှိသည်။ သူသည်လည်း ဘေကျင်း၏ တိုးပွားလာသော စစ်ရေးဖိအားများကို ဟန့်တားနိုင်စွမ်း အားကောင်းစေရန်အတွက် ၂၀၃၀ ပြည့်နှစ်ကို နောက်ဆုံးထားပြီး ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်သွားရန် ရည်ရွယ်ထားသည်။

ခြိမ်းခြောက်မှုဆိုင်ရာ အမြင်များ

ကမ္ဘာ့နိုင်ငံများတွင် ပြည်သူလူထု၏ သဘောထားသည် စစ်ရေးလှုပ်ရှားမှုကို တားမြစ်ပေးရုံမျှလောက် မရိုးရှင်းဟု လေ့လာသူများက ပြောကြသည်။

နန်ယန်းနည်းပညာတက္ကသိုလ်၏ လူမှုရေးသိပ္ပံကျောင်းမှ တွဲဖက်ပါမောက္ခ ကီကိုဂါက အရှေ့အာရှရှိ လူငယ်မျိုးဆက်များသည် စစ်လိုလားသူများ မဟုတ်သော်လည်း ပဋိပက္ခများ ဖြစ်လာနိုင်စရာအကြောင်း လုံးဝမရှိဟု အခိုင်အမာ ယူဆထား၍ မရမှန်း ပိုမိုသတိပြုမိလာကြသည်ဟု ပြောသည်။

ထိုင်ဝမ်နှင့် ကိုရီးယားကျွန်းဆွယ်ကဲ့သို့ ပဋိပက္ခဇုန်များ၌ တင်းမာမှုများ မြင့်တက်လာခြင်းအပေါ် လူငယ်များ၏ ရှုမြင်ပုံနှင့် ပတ်သက်၍လည်း သူက “တကယ့်စစ်ပွဲကို စဉ်းစားနေတာမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ ဒါမျိုး ဖြစ်လာနိုင်ခြေကို ထည့်စဉ်းစားလာကြတာပါ” ဟု ကီကိုဂါက ဆိုသည်။

ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးမားလွန်းသည့်အတွက် အာရှဒေသ အရှေ့မြောက်ပိုင်းတွင် မည်သူမျှ စစ်ပွဲကို မမြင်တွေ့လိုကြဟုလည်း ကီကိုဂါက ယူဆသည်။ သို့သော်လည်း လက်ရှိ နည်းပညာတိုးတက်မှုများနှင့် စစ်ရေးစွမ်းဆောင်ရည် အပြောင်းအလဲများက ထိုကဲ့သို့ ယူဆမှုမျိုးကို ရှုပ်ထွေးစေလျက်ရှိသည်။

“နည်းပညာတွေ တိုးတက်လာတယ်၊ လူဦးရေဖွဲ့စည်းမှု ပုံစံတွေ ပြောင်းလဲလာတယ်။ ဒီတော့ စစ်ပွဲတွေကို အနိုင်ရအောင် တိုက်နိုင်မယ့် ပုံစံတစ်မျိုးမျိုးတော့ ရှိမှာပဲလို့ လူတွေ ယူဆလာကြတယ်။ ဒါကြောင့်ပဲ ပဋိပက္ခဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ကြီးကြီးမားမား အငြင်းပွားစရာတွေ ထွက်ပေါ်လာစေတယ်” ဟု ကီကိုဂါက မှတ်ချက်ပြုသည်။

နည်းပညာ အားဖြည့်ခြင်း

ကာကွယ်ရေးဘတ်ဂျက်များ မြင့်တက်လာရခြင်းသည် လျော့နည်းလာသော လူအင်အားအရင်းအမြစ်များကို အစားထိုးရန်အတွက် စစ်ဆင်ရေးများကို အလိုအလျောက်စနစ် အသုံးပြုရန်နှင့် ပိုမိုထက်မြက်သော စစ်တပ် တည်ဆောက်ရန် ကြိုးပမ်းမှုများကြောင့်လည်း ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

ယခင်ကဆိုလျှင် စစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်လိုပါက စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် တန်ချိန်ကို တိုးမြှင့်ခြင်း၊ တင့်ကား အစီးရေ စစ်သင်္ဘောအစီးရေ မြှင့်တင်ခြင်းမျိုး လုပ်ဆောင်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အလိုအလျောက်စနစ်ကို ပိုအလေးထားလာကြသည်။

“အလိုအလျောက်စနစ်ကနေ ဒေတာဘယ်လောက် စုဆောင်းနိုင်မလဲ၊ စစ်မြေပြင်မှာ ဒေတာဘယ်လောက်အထိ ကိုင်တွယ် ဆောင်ရွက်နိုင်မလဲ၊ ကိုယ့်လုံခြုံရေးရည်မှန်းချက်တွေနဲ့ ပိုပြီးကိုက်ညီတဲ့ ရလဒ်တစ်ခု ရရှိဖို့အတွက် အဲဒီဒေတာတွေကို ဘယ်လိုပေါင်းစပ်နိုင်မလဲ ဆိုတာတွေကို အာရုံစိုက်လာကြပါတယ်” ဟု ရစ်ဇဝန်က ဆိုသည်။

အရှေ့အာရှနိုင်ငံများအနက် တရုတ်နိုင်ငံသည် ဤအပြောင်းအလဲတွင် ရှေ့ဆုံးမှရှိနေသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလက ဘေကျင်းတွင် ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် အဆင့်မြင့် လက်နက်စနစ် အမြောက်အမြားကို ထုတ်ပြခဲ့သည်။

ထိုအထဲတွင် လူမဲ့စနစ်သုံး စက်ပစ္စည်းများ၊ အသံထက်မြန်သော ဟိုက်ပါဆိုးနစ် ဒုံးကျည်များ၊ စွမ်းအင်လမ်းညွှန် လက်နက်များနှင့် အီလက်ထရွန်နစ် လှိုင်းဖျက်စနစ်များ ပါဝင်သည်။

အာဏာချိန်ခွင်လျှာ

အနာဂတ်ကို မျှော်ကြည့်လျှင် လူဦးရေဖွဲ့စည်းပုံ အပြောင်းအလဲသည် ဒေသတွင်း အာဏာချိန်ခွင်လျှာကို ပြန်လည်ပုံဖော်နိုင်ကြောင်း တွေ့ရနိုင်သည်။

ဂျပန်နိုင်ငံသည် ကျုံ့သွားသော စီးပွားရေး၊ လျင်မြန်စွာ အိုမင်းလာသော လူဦးရေနှင့် လုံခြုံရေး စိန်ခေါ်မှုကြီးမားလာသော ပတ်ဝန်းကျင်ကဲ့သို့ ရေရှည်အခက်အခဲများ ရင်ဆိုင်နေရသည်။

“ဒီရှုထောင့်ကကြည့်ရင် ဂျပန်ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေတဲ့ အင်အားကြီးနိုင်ငံတစ်ခုလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်” ဟု ကီကိုဂါက ပြောသည်။

သို့သော်လည်း ဂျပန်အနေဖြင့် အေအိုင် သို့မဟုတ် ကာကွယ်ရေးနည်းပညာပိုင်း၌ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုများ လုပ်မည်ဆိုလျှင် စီးပွားရေးအရသာမက စစ်ရေးအရပါ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာနိုင်သည်ဟု သူက မှတ်ချက်ပေးသည်။

တောင်ကိုရီးယားနှင့် ပတ်သက်၍မူ ဆိုးလ်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု၊ တရုတ်၏ တိုးပွားလာသော သြဇာလွှမ်းမိုးမှုနှင့် ပြင်းထန်လာနေသော အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုစသည့် ဖိအားများအောက်တွင် ရှိနေသည်ဟု ကီကိုဂါက ယူဆသည်။

ဂျပန်၏သြဇာ မှေးမှိန်သွားပါက တောင်ကိုရီးယား၏ နိုင်ငံခြားရေးမူဝါဒတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ပြီး ထိုအထဲတွင် နိုင်ငံတစ်ခုတည်းအပေါ် အလွန်အကျွံ မှီခိုနေရမည့် ဘေးအန္တရာယ်မှ ကာကွယ်ရန် ပိုမိုလုပ်ဆောင်နိုင်ခြေလည်း ပါဝင်ကြောင်း ကီကိုဂါက ပြောကြားသည်။

“တောင်ကိုရီးယားဟာ တရုတ် ဒါမှမဟုတ် အမေရိကန်ဘက်ကို အလွန်အကျွံ ယိမ်းသွားမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ဂျပန်သည် အင်အား ဆုတ်ယုတ်လာသော်လည်း တောင်ကိုရီးယားအတွက် အရေးပါဆဲ မိတ်ဘက်ဖြစ်ပြီး ဆိုးလ်အနေဖြင့် တိုကျိုနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် နည်းလမ်းများ ရှာဖွေနိုင်ခြေရှိသည်ဟု ကီကိုဂါက ဖြည့်စွက်ပြောဆိုသည်။

လူမဲ့စစ်ပွဲနှင့် ဝိရောဓိ

အလိုအလျောက်စနစ်နှင့် ဉာဏ်ရည်တု စက်ပစ္စည်းများသည် လူအင်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် တစ်ချိန်တည်း၌ ဘေးအန္တရာယ်အသစ်များကိုလည်း သယ်ဆောင်လာကြသည်။ စိုးရိမ်စရာတစ်ခုမှာ စစ်မြေပြင်တွင် စက်ပစ္စည်းများကို ဆုံးဖြတ်ချက်ချပိုင်ခွင့် မည်မျှအထိ ပေးထားသနည်း ဟူသောအချက် ဖြစ်သည်။

အလိုအလျောက်စနစ်သည် ပြောင်းပြန်သက်ရောက်မှုအဖြစ် ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေနိုင်ခြေလည်း ရှိစေနိုင်ကြောင်း လေ့လာသူအချို့က သတိပေးသည်။

“စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ လူသားတွေနေရာမှာ အေအိုင်၊ ရိုဘော့နဲ့ အလိုအလျောက်စနစ်တွေ အစားထိုးနိုင်တယ် ဆိုလိုက်ပါတော့။ ဒါဆိုရင် လူမပါဘူးဆိုပြီး အန္တရာယ်များပြီး အရဲစွန့်ရတဲ့ အလုပ်တွေ လုပ်ချင်စိတ် ပိုများလာနိုင်တယ်” ဟု စင်ကာပူအမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ချောင်ဂျာအီယန်က ပြောသည်။

“အလိုအလျောက်စနစ်နဲ့ အေအိုင်ကြောင့် စွန့်စားရမှုပုံစံ ပြောင်းလဲသွားမယ်ဆိုရင် နိုင်ငံတွေ အနေနဲ့လည်း လူဦးရေ နည်းသွားသည့်တိုင်အောင် အရဲစွန့်ပြီးလုပ်တဲ့ အပြုအမူတွေ ပိုလုပ်လာနိုင်တယ်” ဟု သူက မှတ်ချက်ပြုသည်။

ရာဗီချန်ဒရာကူးမား

ရည်ညွှန်း – Ageing but arming: Why East Asia’s greying societies are spending more on defence, CNA