မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ ဧပြီလ ၁၄ ရက် ကစပြီး စစ်အာဏာရှင်တပ်သည် လေယာဉ်ဖြင့် အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများနှင့် ဒေသခံများက ပြောသည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် ဝင်းတာပန်၊ မြစ်ကျိုး၊ မင်းစောကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတို့ထံမှ သိရသည်။
“လေကြောင်းတိုက်ခိုက်မှုတွေက နေ့တိုင်းရှိနေတယ်။ လူတွေနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက် နေတာ။ လူတွေ အိမ်တွေ ထိတာလည်းရှိတယ်။ အခု ရွာမှာလည်း ဘယ်သူမှ မနေရဲကြတော့ဘူး” ဟု စစ်ရှောင်းဘေးရှောင် များကို အကူအညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိသည့် ဝင်းတာပန် စစ်တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး ဘီးလင်းမြို့နယ်အတွင်းကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။
မြစ်ကျိုးကျေးရွာအုပ်စု ကျိုက်ထီးရိုးလေးစေတီတော် မုခ်ဝဇရပ်တွင် ခေတ္တအနားယူနေသော ခရီးသွားပြည်သူ ငါးဦး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိဒဏ်ရာရရှိခဲ့သည်။
လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျောက်ဖျာကျေးရွာက အသက် ၂၆ အရွယ် နော်အင်ကြင်းခိုင်နှင့် အသက် ၁၈ နှစ်အရွယ် နော်မုနော်ဘိတို့ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ကား သုံးစီး၊ စက်သုံးဆီအရောင်ဆိုင်နှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးမှုရှိသည့်အပြင် ရော်ဘာခြံနှင့် သီးနှံစိုက်ပျိုးရေးခြံများလည်း မီးလောင်ပျက်စီးမှု ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။







