ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက် ပတူနမ်နယ်မြေ ဈေးဝယ်စင်တာများကို ဝင်စစ်၊ မြန်မာ ၃၀နီးပါးဖမ်းဆီးခံရ

July 22, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နာမည်ကြီး ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၂၁ ရက်က ပတူနမ်နယ်မြေက Platinum Fashion Mall နှင့် Indra Square ဈေးဝယ်စင်တာများကို အလုပ်သမားဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဈေးဝယ်စင်တာများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၂၇ ဦး၊ လာအို တစ်ဦး၊ အိန္ဒိယ သုံးဦး၊ ပါကစ္စတန် သုံးဦးနှင့် တရုတ်နိုင်ငံသား တစ်ဦးတို့ ပါဝင်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်မှုဖြင့် ၎င်းတို့ကို အ‌ရေးယူထားကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတဝန်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအပါအဝင် နိုင်ငံခြားသားများကို ထိုင်းအစိုးရက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။