G7 ထိပ်သီးအစည်းအဝေးမှာ သမ္မတဒေါ်နယ်ထရမ့်တစ်ယောက် အရောင်းသမားတစ်ယောက်ပုံစံနဲ့ ရှိနေခဲ့ပါတယ်။ ဒုတိယသမ္မတ ဂျေဒီဗန်းစ်ကလည်း အမေရိကန်အစိုးရက အီရန်နဲ့ ချုပ်ဆိုခဲ့တဲ့ နားလည်မှုစာချွန်လွှာကို ကာကွယ်ပြောဆိုဖို့ မီဒီယာတွေဆီ လှည့်ပတ်ရှင်းပြနေခဲ့တယ်။
ပိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့အတွက် ရက် ၆၀ ဆွေးနွေးညှိနှိုင်းရေး ကာလစတင်လာချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခဲ့တဲ့ ဒီစစ်ပွဲ ဘယ်လိုပုံစံလမ်းဆုံးသွားလဲဆိုတာ လေ့လာဆန်းစစ်ကြည့်သင့်ပါတယ်။
အီရန်စစ်ပွဲစဖြစ်ကာစနေ့တွေကတည်းက ထရမ့်အစိုးရဟာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေဟာ ရှင်းလင်းပြတ်သားပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။
အီရန်ရဲ့ စစ်ရေးစွမ်းပကားနဲ့ စက်မှုအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်မယ်။ အကြမ်းဖက်ကြားခံအဖွဲ့တွေကို အီရန်ရဲ့ ထောက်ပံ့နိုင်စွမ်းကို အဆုံးသတ်ပစ်မယ်။
တီဟီရန်အနေနဲ့ အဏုမြူလက်နက်တစ်ခု ဘယ်တော့မှ မရရှိနိုင်ဘူးဆိုတာ အာမခံမယ်။ အဲဒီရည်မှန်းချက်တွေပါပဲ။
စစ်ပွဲအစောပိုင်းတုန်းကဆို သမ္မတထရမ့်က ဒီထက်မက မှန်းခဲ့ပါသေးတယ်။
“လုံးဝဥဿုံ အပြတ်အသတ် အောင်ပွဲရရမယ်” လို့ ကြုံးဝါးခဲ့ပါတယ်။
“အီရန်အစိုးရအပြောင်းအလဲဖြစ်ဖို့အရေး ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး”လို့ အခုချိန်မှာ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ အစောပိုင်းနေ့ရက်တွေမှာ တီဟီရန်က အဓိကခေါင်းဆောင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက်မှာ အီရန်ပြည်သူတွေ အုံကြွတော်လှန်ကြဖို့ သူက အားပေးတိုက်တွန်းခဲ့ပါတယ်။
“ခင်ဗျားတို့ အစိုးရကို ခင်ဗျားတို့ သိမ်းပိုက်ကြ” လို့ သူ တိုက်တွန်းခဲ့တာ အများသိပါပဲ။
“အဆမတန်များပြားတဲ့ ခွန်အားနဲ့ ဖျက်အားပြင်းတဲ့ အင်အားနဲ့ အမေရိကန်က ခင်ဗျားတို့ကို ထောက်ခံအားပေးနေတယ်”လို့ သူ ပြောခဲ့ပါတယ်။
အီရန်ရဲ့ ခေါင်းဆောင်မှုလူတန်းစားအလွှာလိုပဲ အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ စက်မှုအခြေခံအဆောက်အအုံ ကဏ္ဍတစ်ခုလုံး အပြင်းအထန် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုစလုံးဟာ စစ်ပွဲဒဏ်ကို ကြံ့ကြံ့ခံ ရှင်ကျန်ရစ်နိုင်ခဲ့ပါတယ်။ မေလတုန်းက ပေါက်ကြားလာတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေအရ အီရန်အစိုးရဟာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ သူတို့ရဲ့ ဒုံးကျည်လက်နက်တိုက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။ ဟော်မုဇ်ရေလက်ကြားတစ်လျှောက်က ဒုံးကျည်စခန်းတွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။
အီရန်ရေတပ်ဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေမဲ့ အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC) ရဲ့ တိုက်ခိုက်ရေးအမြန်ရေယာဉ်စု အသေးစားလေးတွေကိုတော့ အပြတ်မရှင်းနိုင်သေးပါဘူး။
ပြီးတော့ အီရန်ရဲ့ အဓိကလက်ဝေခံအဖွဲ့တွေဖြစ်တဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ယီမင်က ဟူသီအဖွဲ့တွေကလည်း ရှင်သန်နေတုန်းပါပဲ။
လက်ရှိ အပစ်ရပ်သဘောတူညီချက် နားလည်မှုစာချွန်လွှာထဲမှာ အီရန်အနေနဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို လွှဲပြောင်းပေးအပ်ဖို့ မဟုတ်ဘဲ စက်ရုံထဲမှာ ယူရေနီယံသန့်စင်မှုအဆင့်လျှော့ချဖို့ပဲ ဆုံးဖြတ်ထားပါတယ်။
အသေးစိတ်အချက်တွေကို နောက် ၂ လအတွင်း ဆက်ပြီး ညှိနှိုင်းသွားရမှာဖြစ်တယ်ဆိုပေမယ့် ဗုံးကြဲခံထားရတဲ့ စခန်းတွေအောက်မှာ ယူရေနီယံ ပေါင် ၉၇၀ ဝန်းကျင် ကျန်နေခဲ့ဦးမှာဖြစ်ပါတယ်။
ဒီလို ရလဒ်အသင့်အတင့်လေး ရဖို့အတွက် အမေရိကန်က ဘာတွေ ပေးဆပ်ခဲ့ရပါသလဲ။ အမေရိကန်စစ်သည် ၁၃ ယောက် သေဆုံးခဲ့ပြီး ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်သိုလှောင်ထားမှုတွေလည်း လျော့နည်းသွားခဲ့ပါတယ်။
အဓိကအရေးကြီး လက်နက်ခဲယမ်း အမျိုးအစား ၇ မျိုးထဲက ၄ မျိုုးမှာ စစ်မဖြစ်ခင်တုန်းက စာရင်းရဲ့ တစ်ဝက်ကျော်ကို အမေရိကန်က သုံးပစ်ခဲ့ရတယ်လို့ မဟာဗျူဟာမြောက် နိုင်ငံတကာလေ့လာရေး ဗဟိုဌာန(CSIS)ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။
အချို့လက်နက်တွေဟာ မူလအတိုင်း ပြန်ဖြည့်တင်းဖို့အတွက် ၆ နှစ်လောက်အထိ အချိန်ယူရနိုင်ပါတယ်။
ဒီစစ်ပွဲက မဟာမိတ်ဆက်ဆံရေးတွေကိုလည်း တင်းမာစေခဲ့ပါတယ်။
စစ်မတိုက်ခင်က ကြိုတင်တိုင်ပင်ဆွေးနွေးခြင်း မခံရတဲ့ ဥရောပနိုင်ငံတွေဟာ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးကိစ္စမှာ ကူညီဖို့ ငြင်းဆန်ခဲ့ပါတယ်။
စစ်စဖြစ်ချင်းတုန်းက အမေရိကန်က အနီးကပ်တိုင်ပင်ခဲ့တဲ့ အစ္စရေးကိုလည်း အီရန်နဲ့ အပစ်ရပ်သဘောတူညီချက် နားလည်မှုစာချွန်လွှာအတွက် ညှိနှိုင်းဆွေးနွေးမှုတွေမှာ ပေးမပါဘဲ ချန်ထားခဲ့ပါတယ်။
အမေရိကန်ရဲ့ ပင်လယ်ကွေ့ဒေသ မဟာမိတ်တွေလည်း ရတက်မအေးဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။
ဒီပဋိပက္ခကြောင့်ပဲ ပြီးခဲ့တဲ့လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပါတယ်။
သမ္မဟားဘတ်ဟူးဗား ချန်ထားခဲ့တဲ့ စီးပွားပျက်ကပ် သမိုင်းဆိုးကြီးထပ်ဖြစ်လာမှာကို ကြောက်နေမိတယ်လို့ ထရမ့်က ဝန်ခံထားပါတယ်။
“အကြီးအကျယ် စီးပွားရေးပျက်ကပ်ဆိုက်တာမျိုး ကျွန်တော် မမြင်ချင်ခဲ့ဘူး” လို့ ထရမ့်က ပြောပါတယ်။ “တကယ်လို့ ဒီစစ်ပွဲဖြစ်နေရင် အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်” လို့ သူက ဆိုပါတယ်။
ဒီစစ်ပွဲက အီရန်စီးပွားရေးကို အခွံပဲ ကျန်အောင် လုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုက အတော်လေး ထိရောက်ခဲ့တာကြောင့်ပါ။
ပြီးခဲ့တဲ့လမှာ ငွေကြေးဖောင်းပွမှုကလည်း ပြီးခဲ့တဲ့နှစ်တုန်းကထက် ၈၄ ရာခိုင်နှုန်း မြင့်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းတွေကလည်း ၁၃၁ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်။
အလုပ်လက်မဲ့ပြဿနာကလည်း ကြီးထွားနေပါတယ်။ လူပေါင်း ၂ သန်းလောက်အထိ အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။
ဒါတောင်မှ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ လာဖို့အတွက် သူတို့ကို လိုက်လိုက်လျောလျော ကမ်းလှမ်းလာချိန်အထိ အီရန်အစိုးရက တောင့်ခံနေခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရေတပ်ကို ဖယ်ရှားပေးဖို့ဆိုတဲ့အချက်တွေကို အီရန်ဘက်က ရရှိသွားပါတယ်။
အီရန်အနေနဲ့ ရေနံစိမ်းတွေ ရောင်းချမှု ပြန်စဖို့အတွက် ပိတ်ဆို့မှုကင်းလွတ်ခွင့်တွေ ထုတ်ပေးဖို့ ဝါရှင်တန်က သဘောတူခဲ့ပါတယ်။
ပိတ်ဆို့သိမ်းဆည်းခံထားရတဲ့ အီရန်ပိုင် ဒေါ်လာ ၂၄ ဘီလီယံကိုလည်း ပြန်ဖွင့်ပေးဖို့နဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ လောက်ရှိမယ့် ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ် မတည်ဖို့ ဝါရှင်တန်ဘက်က သဘောတူခဲ့ရပါတယ်။
အီရန်ဘက်က လိုက်လျောအလျှော့ပေးခဲ့ရတာကတော့ မှတ်သားစရာ ကောင်းလောက်အောင် နည်းလွန်းပါတယ်။
အီရန်ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ နောက်ဆုံးအချက်တွေကို ညှိနှိုင်းနေတုန်းကာလမှာ ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာသင်္ဘောတွေ ဖြတ်သန်းခွင့်ပေးပါမယ်။
အီရန်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားဆဲ အမေရိကန်ဓားစာခံ ၆ ယောက်ကိစ္စဆိုရင် ဆွေးနွေးပွဲတွေမှာ ထည့်ပြောတဲ့အထဲ မပါခဲ့ပါဘူး။
အီရန်ရဲ့ အဓိကဆွေးနွေးပွဲခေါင်းဆောင်ဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဂါလီဘတ်ကတော့ စစ်မြေပြင်မှာ မနိုင်ခဲ့တာတွေကို ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်မှာ အဆပေါင်းများစွာ ပိုပြီး အနိုင်ယူနိုင်ခဲ့တယ်လို့ ကြွားလုံးထုတ်ခဲ့သေးတယ်။
ဒီငြိမ်းချမ်းရေးက ရေရှည်ခံမှာလား။
တရမ့်က စီးပွားရေးဈေးကွက်တွေ တည်ငြိမ်အောင် စကားလုံးတွေနဲ့ ထိန်းဖို့ ကြိုးစားနေပေမဲ့ တစ်ဖက်မှာလည်း စစ်ရေးအရ အင်အားသုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို စားပွဲဝိုင်းမှာ ဆက်ကိုင်ထားတုန်းပဲ။
“တကယ်လို့ သူတို့ဘက်က သဘောတူညီချက်ကို ချိုးဖောက်ရင် ကျွန်တော်တို့ သူတို့ကို အသေအကြေ ဗုံးကြဲပစ်မှာ”လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ ဟန့်တားမှုရန်စွယ်က သိသိသာသာ လျော့နည်းသွားပြီဆိုတော့ အီရန်တွေအနေနဲ့ သူတို့ဘက်က အခွင့်ကောင်းရတာကို ပိုပြီး တွန်းတင်ဖို့ စိတ်ကူးလာနိုင်ပါတယ်။
အစ္စရေးကို စိတ်ကြိုက်တိုက်ခိုက်ဖို့အတွက် ဟစ်ဇ်ဘိုလာအဖွဲ့ကို သူတို့ အသက်ဓာတ်သွင်းနိုင်ပါတယ်။ အစ္စရေးဘက်က ပြန်လက်တုံ့ပြန်တာကို မတားဆီးနိုင်ရကောင်းလားဆိုပြီး အမေရိကန်ကို လက်ညှိုးပြန်ထိုးတာမျိုး သူတို့ လုပ်လာနိုင်ပါတယ်။
ဒီထက်ပိုဆိုးတာကတော့ ထရမ့်ဟာ စီးပွားရေးနဲ့ ပတ်သက်လို့ သူစိုးရိမ်ပူပန်နေတာတွေကို မိုက်မိုက်မဲမဲ လူသိရှင်ကြား အန်ထုတ်ပစ်ခဲ့တာပါပဲ။
ပြီးတော့ သင်္ဘောကုန်စည်ပို့ဆောင်ရေးကို ပိတ်ဆို့ပြီး အိမ်နီးချင်းနိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ အီရန်ရဲ့ စွမ်းပကားကလည်း မပျောက်ကွယ်သွားသေးပါဘူး။
ဒါကို တရုတ်သမ္မတရှီကျင့်ဖျင်က အနီးကပ် သေချာစောင့်ကြည့်နေပါတယ်။
တကယ်လို့ အီရန်က နောက်တစ်ခါ ပြဿနာထပ်ရှာလို့ ထရမ့်က ဘာမှ မလုပ်ဘဲနေရင် အကျိုးဆက်တွေက ဒေသတွင်း စစ်ပွဲတစ်ခုဆိုတာထက် အများကြီး ပိုဖျက်ဆီးချေမွပစ်ပါလိမ့်မယ်။
လုချိုင်း
(The Washington Post တွင် ဇွန်လ ၁၈ ရက်နေ့က ဖော်ပြထားသည့် Is the Iran war really over? ဆောင်းပါးကို ဘာသာပြန်သည်)







