လေ့လာသူအများစုရဲ့ ခေါင်းထဲမှာ တစ်နှစ်ကျော်ကြာ ရှိလာခဲ့တဲ့ အတွေးတစ်စကို ပါကစ္စတန်က ဇွန်လအစောပိုင်းမှာပဲ ထုတ်ပြောလိုက်ပါတယ်။ အိန္ဒိယဟာ ရေကို လက်နက်သဖွယ် အသုံးချနေတယ်ဆိုတဲ့ အချက်ပါပဲ။
ထုတ်ပြောရတဲ့ အကြောင်းရင်းကတော့ ချီနပ်မြစ်ပေါ်က စီမံကိန်းနှစ်ခုကြောင့်ပါ။ ချီနပ်မြစ်မှာ ပိုလျှံနေတဲ့ရေတွေကို ဟီမာချာပရာဒက်ရှ် ပြည်နယ်ထဲက ဘီးမြစ်ဝှမ်းထဲ လွှဲပြောင်းပေးမယ့် ရေလွှဲလိုဏ်ဂူစီမံကိန်းတစ်ခုနဲ့ ဂျမ်မူးဒေသက ဆာလာဆည်မှာ ရွှံ့နုန်းတွေ ပိတ်မနေအောင် လွှဲပေးမယ့် စီမံကိန်းတို့ ရှိပါတယ်။ ဒီစီမံကိန်း နှစ်ခုလုံးကို အိန္ဒိယရဲ့ အမျိုးသား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာဟီအန်ဒရာဘီက ဒီစီမံကိန်းတွေဟာ နယူးဒေလီက ရေကို လက်နက်သဖွယ် အသုံးချဖို့ ပြင်ဆင်နေတာကို သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ပါကစ္စတန်စီးပွားရေး အတွက်တင်မကဘဲ ဒေသတွင်း တည်ငြိမ်ရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေ သယ်ဆောင်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။
အိန္ဒိယဟာ ၂၀၂၅ ခုနှစ် ဧပြီလမှာ အိန္ဒုမြစ်ရေသဘောတူညီချက်ကို ဆိုင်းငံ့လိုက်ပါတယ်။ ဒီနောက်ပိုင်း ဒေလီရဲ့ လုပ်ရပ်တွေဟာ နှစ်နိုင်ငံကြား ရေအငြင်းပွားမှုသက်သက်ထက် အများကြီး ပိုလာပါတယ်။ တကယ်တမ်း အိန္ဒိယရဲ့ လုပ်ရပ်ဟာ တောင်အာရှရဲ့ အရေးအကြီးဆုံး သယံဇာတတွေကို မျှဝေသုံးစွဲရေးအတွက် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ထိန်းကျောင်းပေးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကြီးတစ်ခုလုံးကို စနစ်တကျ ဖြိုဖျက်လိုက်တာပါပဲ။
ဒီယန္တရား နေရာမှာ ပိုပြီးတော့ ဗြောင်ကျကျနဲ့ အန္တရာယ်များတဲ့ အယူအဆတစ်ရပ်လည်း အစားထိုး ဝင်လာပါတယ်။ ဒါကတော့ မြစ်အထက်ပိုင်းက နိုင်ငံရဲ့ နိုင်ငံရေးတွက်ချက်မှုအပေါ် မူတည်ပြီး ရေကို ခွဲဝေပေးတာ၊ ဖြတ်တောက်တာနဲ့ လမ်းကြောင်းလွှဲတာမျိုးတွေ လုပ်နိုင်တဲ့ “နိုင်ငံတော်အာဏာပြသရေး လက်နက်တစ်ခု” အဖြစ် သတ်မှတ်လိုက်တဲ့ လုပ်ရပ်ပါ။
ဒီလို သတ်မှတ်လိုက်တဲ့ အကျိုးဆက်တွေဟာ အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာတင် ရပ်တန့်နေမှာ မဟုတ်ပါဘူး။ မြစ်အောက်ပိုင်းမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ စီးဆင်းသွားမှာဖြစ်သလို မြစ်အထက်ပိုင်းက နီပေါနိုင်ငံဆီလည်း ရိုက်ခတ်မှာပါ။ ဒါတင်ပဲလား ဆိုတော့ ကမ္ဘာပေါ်က နယ်စပ်ဖြတ်ကျော် မြစ်ရေညှိနှိုင်းမှုတိုင်း မှာလည်း သက်ရောက်ဦးမှာ ဖြစ်ပါတယ်။
ဖြိုဖျက်ခံလိုက်ရတဲ့ ပမာဏ ဘယ်လောက်ကြီးမားလဲ ဆိုတာကို နားလည်ဖို့ဆိုရင် ဒီ အိန္ဒုသဘောတူညီချက်က ဘာကို အမှန်တကယ် ကိုယ်စားပြုလဲဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။
အိန္ဒုရေအရင်းအမြစ် ခွဲဝေရေး သမိုင်းကြောင်း
အိန္ဒုသဘောတူညီချက်ကို ကမ္ဘာ့ဘဏ်က ကြားဝင်စေ့စပ်မှုနဲ့ ၁၉၆၀ မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၉ နှစ်ကြာ ညှိနှိုင်းခဲ့ရတဲ့ ဒီသဘောတူညီချက်အရ အနောက်ဘက်မြစ်တွေဖြစ်တဲ့ အိန္ဒု၊ ဂျေလန်းနဲ့ ချီနပ်မြစ်တွေကို ပါကစ္စတန်ကို ခွဲဝေပေးခဲ့ပြီး အရှေ့ဘက်မြစ်တွေဖြစ်တဲ့ ရာဗီ၊ ဘီးစ်နဲ့ ဆာ့လက်မြစ်တွေကိုတော့ အိန္ဒိယကို ခွဲဝေပေးခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်အကြား အတိအလင်းစစ်ပွဲ သုံးကြိမ်၊ ၁၉၉၈ ခုနှစ် နျူကလီးယားစမ်းသပ်မှုတွေ၊ ကာဂေး ပဋိပက္ခ၊ ၂၀၀၁ ခုနှစ် လွှတ်တော်တိုက်ခိုက်မှု၊ ၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်မှုနဲ့ ၂၀၁၉ ခုနှစ် ပူလ်ဝါမာဗုံးခွဲမှု ကာလတွေကို အိန္ဒုသဘောတူညီချက်ဟာ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပြည်တွင်းနိုင်ငံရေး အကျိုးစီးပွားအတွက်နဲ့ အလဲအလှယ် လုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေခံမူဘောင်အချို့ ရှိနေသေးတယ်ဆိုတာကို နှစ်ဖက်လုံးက လက်တွေ့ကျကျ အသိအမှတ်ပြုခဲ့ကြလို့ ဒီလောက်အထိ သက်တမ်းရှည်ခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါ ကတောင် ဒီစာချုပ်ကို “သိပ်စိတ်ပျက်စရာကောင်းတဲ့ ကမ္ဘာ့ပုံရိပ်ထဲက အလင်းစက်တစ်ခု” လို့ တင်စားပြောဆိုခဲ့ပါတယ်။
အခုတော့ အိန္ဒိယဟာ တောက်ပတဲ့ ဒီအလင်းစက်ကို ဖျက်ဆီးလိုက်ပါပြီ။ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပဟာဂမ်အရပ်မှာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ခရီးသွား ၂၆ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပါတယ်။ ဒီနောက်ပိုင်း ဘယ်လောက်မှ မကြာခင်မှာပဲ အိန္ဒိယဟာ ရေဆိုင်ရာ အချက်အလက် မျှဝေမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။
အိန္ဒုမြစ်ရေဆိုင်ရာ အမြဲတမ်း ကော်မရှင်လည်း လူလုံးပျောက်သွားပါတယ်။ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ အိန္ဒိယဟာ ပါကစ္စတန်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဆာလာနဲ့ ဘတ်ဂလီဟာ ဆည်တွေက ရေတွေကို အကုန်ဖွင့်ချပြီး ရေလွှတ်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီနောက် ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့မှာ အိန္ဒိယဟာ ဆင်းဒူးစစ်ဆင်ရေးကို စတင်လိုက်ပြီး ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသတွင်းက ပစ်မှတ် ၉ ခုကို တိုက်ခိုက်ခဲ့ပါတယ်။ သုံးရက်အကြာမှာတော့ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်သံတွေ စဲသွားပေမဲ့ ရေအငြင်းပွားမှုကတော့ မရပ်ခဲ့တော့ပါဘူး။
အိန္ဒိယဘက်က ခြေလှမ်းတွေ တိုးလာ
၂၀၂၅ ဒီဇင်ဘာလရောက်တော့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်အတွင်း ချီနပ်မြစ်ရေ စီးဆင်းမှုဟာ ၈၇၀ ကုဗပေ အထိ ထိုးကျသွားတယ်လို့ အစီရင်ခံခဲ့ပါတယ်။
ဒီကာလအတွင်း အနိမ့်ဆုံး စံချိန်တင်ရေဝင်နှုန်းတောင် ကုဗပေ ၄၀၀၀ ကျော်ရှိခဲ့တာဖြစ်လို့ ဒါနဲ့ယှဉ်ရင် ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဘတ်ဂလီဟာ ရေလှောင်ကန်ရဲ့ မျက်နှာပြင်ဧရိယာဟာလည်း သိသိသာသာ လျော့နည်းသွားပြီးမှ ရုတ်တရက် ပြန်လည်တိုးပွားလာတာကို ဂြိုဟ်တုဓာတ်ပုံတွေအရ အတည်ပြုထားပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း ကြေညာခဲ့တဲ့ ချီနပ်မြစ် စီမံကိန်းနှစ်ခုဟာလည်း ဒီပုံစံအတိုင်းပဲ မြင်လာရပါတယ်။ အိန္ဒုစာချုပ်ကို ဆိုင်းငံ့ပြီးနောက်ပိုင်းမှာ အိန္ဒိယဟာ ပါကာဒူး၊ ကီရူး၊ ကွာ၊ ရက်ထ်လီ၊ ဒူဟာစတီ အဆင့်-၂ နဲ့ ဆာဝါကုတ် စီမံကိန်းတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ ပြောရရင်တော့ အိန္ဒိယဟာ ပါကစ္စတန်နိုင်ငံက ကန့်သတ်ချက်မရှိ သုံးစွဲပိုင်ခွင့်ရှိတယ်လို့ စာချုပ်ထဲမှာ သတ်မှတ်ထားတဲ့ မြစ်တွေပေါ်မှာ အခြေခံအဆောက်အဦတွေ တိုးမြှင့် တည်ဆောက်လာတာ ဖြစ်ပါတယ်။
ဒီစီမံကိန်းတွေထဲမှာ ချီနပ်-ဘီး ရေလွှဲလိုဏ်ဂူဟာ ဖွဲ့စည်းပုံအရ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သူက ချီနပ်မြစ်ရေကို လျှပ်စစ်ထုတ်ရုံ သုံးတာမဟုတ်တော့ဘဲ ပါကစ္စတန်ကို ခွဲဝေပေးထားတဲ့ အနောက်ဘက်မြစ်ဝှမ်းထဲက ရေတွေကို အိန္ဒိယ စိတ်ကြိုက်သုံးလို့ရတဲ့ အရှေ့ဘက်မြစ်ဝှမ်းထဲကို လွှဲပေးလိုက်လို့ ဖြစ်ပါတယ်။ ဒီလိုဏ်ဂူဟာ ၁၉၆၀ ပြည့်နှစ်က ရေခွဲဝေမှုစည်းမျဉ်းကို ကိုယ်ထိလက်ရောက် ပြန်လည်ပြင်ဆင် ရေးဆွဲလိုက်တာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာရှိတဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်များ ဆိုင်ရာ အမြဲတမ်း ခုံရုံးဟာ အိန္ဒိယရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကို ၂၀၂၅ ခုနှစ် သြဂုတ်လမှာ တစ်ကြိမ်၊ ၂၀၂၆ ခုနှစ် မေလမှာ တစ်ကြိမ် ချမှတ်ခဲ့ပါတယ်။ အထူးသဖြင့် ရက်ထ်လီနဲ့ ကီရှန်ဂန်ဂါ ဆည်တွေရဲ့ ရေလှောင်ပမာဏ ကန့်သတ်ချက်အပေါ် ဖြည့်စွက်ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့တာပါ။ အိန္ဒုစာချုပ်အရ အနောက်ဘက်မြစ်တွေအပေါ် အိန္ဒိယရဲ့ ရေထိန်းချုပ်နိုင်စွမ်းဟာ အကန့်အသတ်နဲ့ ရှိတယ် ဆိုတာကို သည်ဟိဂ်ဆုံးဖြတ်ချက်က ထပ်လောင်း အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယကတော့ ဒီဆုံးဖြတ်ချက် နှစ်ခုလုံးကို အပြတ်အသတ် ပယ်ချသလို ဒီခုံရုံးဟာ တရားမဝင် ဖွဲ့စည်းထားတာဖြစ်လို့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အသက်မဝင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီလို အငြင်းပွားမှုမျိုးကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာ ယန္တရားကြီးကို ဒီယန္တရား ပေါ်ပေါက်လာအောင် ကူညီပုံဖော်ခဲ့တဲ့ နိုင်ငံကိုယ်တိုင်ကပဲ ပြန်ဖြိုဖျက်နေတာ ဖြစ်ပါတယ်။
ပါကစ္စတန်ဘက်က အကျပ်အတည်း
ပါကစ္စတန်ဘက်က ကြည့်ရင် အိန္ဒု သဘောတူညီချက်ဟာ အပြည့်အဝ အသက်ဝင်နေဆဲဖြစ်ပြီး အိန္ဒိယရဲ့ ဆိုင်းငံ့မှု ကြေညာချက်ဟာ တရားမဝင်ဘူးဆိုတဲ့ ရပ်တည်ချက်က မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ အဓမ္မအကောင်အထည်ဖော်ခိုင်းမယ့် ယန္တရားတွေ မရှိတဲ့အတွက် ဒါဟာ စက္ကူလှေအဆင့်ထက် မပိုဘူး ဖြစ်နေပါတယ်။
ပါကစ္စတန်တို့ ရင်ဆိုင်နေရတဲ့ အိန္ဒိယဟာ လက်ရှိမှာ စီးပွားရေးအင်အား ပိုမိုတောင့်တင်းပြီး စစ်ရေးအရလည်း အပြတ်အသတ် အားသာတဲ့ နိုင်ငံပါ။ ရေအမျိုးသားရေးဝါဒကို ရွေးကောက်ပွဲ မဲဆွယ်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းထားတဲ့အပြင် မြစ်ကြောင်းအထက်ပိုင်းကိုပါ ပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ပါကစ္စတန်ရဲ့ ရေလှောင်နိုင်စွမ်းဟာ မြစ်ရေစီးဆင်းမှု ရက် ၃၀ စာလောက်ပဲ ရှိပါတယ်။ သူ့ရဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ရေသွင်းစိုက်ပျိုးမှုရဲ့ ၈၀ ရာခိုင်နှုန်းရှိပြီး ဂျီဒီပီရဲ့ လေးပုံတစ်ပုံနီးပါး ရှိပါတယ်။ ၂၀၂၅ ခုနှစ်မှာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံသား အရေအတွက်ဟာ ၁၁ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။
ချီနပ်မြစ်ရေ စီးဆင်းချိန်ကို ကစားလိုက်တဲ့အခါမျိုး၊ ဥပမာဆိုရရင် ပျိုးကြဲချိန်မှာ ရေပိတ်ထားပြီး ရိတ်သိမ်းချိန်ကျမှ အသိမပေးဘဲ ရေလွှတ်လိုက်တာမျိုး လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ တော်တော်လေး ပြင်းထန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါအပေါ် ရိုက်ခတ်မှု
ရေအရင်းအမြစ် ခွဲဝေရေး ပြဿနာဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက ပဋိပက္ခသက်သက် မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း အိန္ဒိယနဲ့ မြစ်ပေါင်း ၅၄ စင်း မျှဝေသုံးစွဲနေရပါတယ်။ ပြီးတော့ ဖာရတ်ကာ ရေကာတာမှာ နွေရာသီ ရေခွဲဝေမှုကို ထိန်းချုပ်ထားတဲ့ ၁၉၆၆ ခုနှစ် ဂင်္ဂါမြစ်ရေ ခွဲဝေမှု သဘောတူညီချက်ဟာလည်း ဒီနှစ် ဒီဇင်ဘာလမှာ သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယက ဒီသဘောတူညီချက်ကို သက်တမ်းတိုးဖို့အတွက် လက်ရှိအတိုင်းမဟုတ်ဘဲ ဖြည့်စွက် ပြင်ဆင်ထားတဲ့ အချက်တွေနဲ့ ပြန်လည်ညှိနှိုင်းချင်တဲ့ အရိပ်အယောင် ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဦးဆောင်တဲ့ အစိုးရသစ်ကတော့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးရဲ့ လားရာတစ်ခုလုံးဟာ မျှတတဲ့ အစားထိုး သဘောတူညီချက် ရလဒ်အပေါ်မှာပဲ မူတည်တယ်လို့ လူသိရှင်ကြား ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာက မြစ်အထက်ပိုင်းက ရေစီးဆင်းမှု လျော့နည်းသွားတယ်ဆိုရင် ရေငန်ဝင်ရောက်မှု ပိုများလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဥတုရာသီ အပြောင်းအလဲကြောင့် ဒုက္ခရောက်နေရပြီဖြစ်တဲ့ ကမ်းရိုးတန်းဒေသဟာ စိုက်ပျိုးရေး ပျက်စီးမှု၊ ငါးဖမ်းလုပ်ငန်း ကျဆင်းမှုတွေပိုဆိုးသွားပြီး ကပ်ဘေးကြီးအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်သွားနိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းက လယ်သမားတွေဟာ နေ့စဉ်ဘဝမှာ ဆက်စပ်ပတ်သက်စရာ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ အခုတော့ တောင်အာရှတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဖြစ်စဉ်တွေကြောင့် သူတို့အားလုံးဟာ တူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ထဲမှာပဲ ရှင်သန်နေကြရပါပြီ။
မြစ်ရဲ့ အထက်ပိုင်းပိုကျပြီး အနေအထားချင်း မတူတဲ့ နီပေါနိုင်ငံလည်း ဒီဇာတ်ကြောင်းကနေ ပြေးမလွတ်ပါဘူး။ နီပေါမှာ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် လေးသောင်း ခန့်ထိ ရနိုင်ခြေ အလားအလာရှိသလို အိန္ဒိယနဲ့လည်း ကိုရှီ၊ ဂန်ဒတ်နဲ့ မဟာကာလီစတဲ့ ရေအရင်းအမြစ် ဆိုင်ရာ သဘောတူညီချက်တွေ ရှိပါတယ်။ နီပေါဘက်က ဝေဖန်သူတွေကတော့ ဒီစာချုပ်တွေကြောင့် အိန္ဒိယဟာ ဟိမဝန္တာ ရေအရင်းအမြစ်တွေကို တရားဝင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခွင့် ရနေသလို နီပေါအစိုးရကိုလည်း စီးပွားရေး နာလန်မထူနိုင်အောင် ကန့်သတ်ထားတဲ့ အစီအမံတွေလို့ ဝေဖန်လာကြတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ။
နီပေါမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ ဒီစီမံကိန်းတွေဟာ စနစ်ပိုင်းအရ တရုတ်ကို မှီခိုနေရသလို အကျိုးအမြတ်ခွဲဝေမှုလည်း မျှတတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ အိန္ဒုသဘောတူညီချက် ပြိုလဲသွားတဲ့အတွက် အိန္ဒိယကို ဝေဖန်နေသူတွေအနေနဲ့ စီမံကိန်းကိစ္စတွေမှာ တရုတ်ကပဲ ပိုသဘောကျစရာ ဖြစ်သလိုလို ပြောခွင့်သာလာပါတယ်။ တရုတ်ကလည်း ဒါကို ဝမ်းသာအားရ ကြိုဆိုပါတယ်။
အပေါ်ဆုံးမှာ စီးမိုးထားတဲ့ တရုတ်
တောင်အာရှဒေသတွင်းပုံရိပ်ဟာ သာမန်ရှုပ်ထွေးရုံတင်မကဘဲ ဖွဲ့စည်းပုံအရပါ သပွတ်အူလို ဇယားရှုပ်လာတာ ဒီနေရာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုခဲ့ပါ ပြဿနာဧရိယာတွေ အားလုံးရဲ့ အပေါ်တည့်တည့်က ဗြဟ္မပုတ္တရမြစ်မှာ တရုတ်က ဧရာမဆည်ကြီးတစ်ခု ဆောက်နေလို့ပါ။ ဒီဆည်တည်နေရာဟာ နီပေါရဲ့ အထက်၊ ဘင်္ဂလားဒေ့ရှ်ရဲ့ အထက်၊ ဂင်္ဂါမြစ်ပြင်ကြီး တစ်ခုလုံးရဲ့ အထက်၊ အိန္ဒုမြစ်ဝှမ်းရဲ့ အထက် တိဗက်တောင်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၃၃ ခုနှစ်မှာ အပြီးသတ်ဖို့ ရည်မှန်းထားတဲ့ ဒေါ်လာ ၁၆၈ ဘီလီယံတန် ဒီစီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး ဆည်ကြီးလည်းဖြစ်ပါတယ်။ ဒီဆည် အကောင်အထည် ပေါ်ရင်တော့ ဘေကျင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် ရေအရင်းအမြစ်အရ ပြိုင်ဘက်မရှိ အသာစီးရသွားပါလိမ့်မယ်။
အိန္ဒိယကလည်း ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အရုနာချာပရာဒက်ရှ် ပြည်နယ်ထဲမှာ ဆည်ပေါင်း ၂၀၀ ကျော် ဆောက်လုပ်မယ့် စီမံကိန်းကြီးတစ်ခုကို ပွဲထုတ်ပါတယ်။ ဒီစီမံကိန်းတွေရဲ့ တည်နေရာဟာ တရုတ်နိုင်ငံက တိဗက်တောင်ပိုင်းရဲ့ အစိတ်အပိုင်းအဖြစ် အပိုင်စီး တောင်းဆိုနေတဲ့ နေရာလည်း ဖြစ်နေပါတယ်။ ဒါဟာ ဗြဟ္မပုတ္တရ မြစ်ဝှမ်းမှာ အိန္ဒိယက အိန္ဒုစာချုပ်ကို ကိုင်ပြီး ပါကစ္စတန်အပေါ် ကျင့်ကြံနေတဲ့ အပြုအမူနဲ့ တစ်ပုံစံတည်းပါပဲ။ ဒီဆောင်းပါးရဲ့ ခေါင်းစီးလေသံနဲ့ ပြောရရင်တော့ ရေအားလျှပ်စစ်လက်နက် အပြိုင်အဆိုင် တပ်ဆင်မှု ဖြစ်ပါတယ်။
ဖြစ်စဉ်တွေက တစ်ခြေရာတည်း ထွက်လာနေလို့ မဲ့ပြုံးပြုံးချင်စရာပါပဲ။ ပါကစ္စတန်နဲ့ကျတော့ အိန္ဒိယဟာ ကိုယ်က မြစ်အထက်ပိုင်း နိုင်ငံဖြစ်တဲ့အတွက် အခွင့်အရေးတွေကို အပေါ်စီးက တောင်းတယ်။ တရုတ်နိုင်ငံနဲ့ကျတော့ ကိုယ်က မြစ်အောက်ပိုင်းမှာ ရှိနေတာဖြစ်လို့ မျှမျှတတ ရေရပိုင်ခွင့်ကို တောင်းဆိုနေပြန်ပါတယ်။
သူက မြစ်အထက်ပိုင်းနိုင်ငံ ဖြစ်တဲ့အတွက် အနောက်ဘက်မြစ် ရေစီးကြောင်းတွေကို ပါကစ္စတန်ရဲ့ စိုက်ပျိုးရေးမြေတွေကနေ လမ်းကြောင်းလွှဲခွင့် ရှိတယ်လို့ အကြောင်းပြတယ်။ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ် အပေါ်ဘက်မှာ တရုတ်ရဲ့ ဆည်ဆောက်လုပ်မှုကို တုံ့ပြန်ရာမှာတော့ “မြစ်အထက်ပိုင်း နိုင်ငံတွေဟာ မြစ်အောက်ပိုင်း ရေစီးဆင်းမှုကို အကာအကွယ်ပေးရမယ်” ဆိုတဲ့ မူဝါဒကို အားကိုးနေပါတယ်။
ဒီလို ဝါဒပိုင်းဆိုင်ရာ ရှေ့နောက်မညီညွတ်မှုဟာ အတွေးအခေါ်သက်သက် မဟုတ်ပါဘူး။ နိုင်ငံတိုင်းက တစ်နိုင်ငံရဲ့ အထက်ပိုင်းမှာ ရှိနေပြီး နောက်တစ်နိုင်ငံရဲ့ အောက်ပိုင်းမှာ ရှိနေတဲ့ ဒေသတစ်ခုမှာ လက်တွေ့ကျကျ ပြုမူနေကြတဲ့ အရှိတရားပါ။ ဒါဟာ ပူးပေါင်းဆောင်ရွက်တဲ့ အုပ်ချုပ်မှုစနစ် တစ်ရပ် ထူထောင်ဖို့ အကုန်လုံးက ပျက်ကွက်တဲ့အတွက် နောက်ဆုံးမှာ နိုင်ငံတိုင်း လုံခြုံမှု ကင်းမဲ့သွားတဲ့အထိ တစ်ဖက်သတ် တောင်းဆိုမှုတွေ တသီတတန်းကြီး ထွက်ပေါ်လာစေတဲ့ ယုတ္တိဗေဒပဲ ဖြစ်ပါတယ်။
ရေအမျိုးသားရေးဝါဒ
ဆိုခဲ့ပါ ဆင့်ကဲဖြစ်စဉ်ကို တားဆီးဖို့ ခက်ခဲနေရတာဟာ ဥပဒေကြောင်းအရ မူဘောင်တွေ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်တွေ မရှိလို့ မဟုတ်ပါဘူး။ ရေအမျိုးသားရေးဝါဒ (Water Nationalism) ကြောင့် ဖြစ်ပါတယ်။ တောင်အာရှနိုင်ငံတိုင်းမှာ အော်ကြီးဟစ်ကျယ်နဲ့ ပဋိပက္ခဖြစ်ဖို့ တာစူနေတဲ့ လူအုပ်တွေ ဖန်တီးတာ၊ ပူးပေါင်းဆောင်ရွက်ရေး အသံတွေကို မျက်ကွယ်ပြုတာတွေကိုလည်း ဒီဝါဒက လမ်းခင်းပေးနေပါတယ်။
အိန္ဒိယမှာဆိုရင် ပါကစ္စတန်အတွက် ၁၉၆၀ တုန်းက ဝေစုချပေးခဲ့တဲ့ မြစ်တွေထဲက ရေကို လမ်းကြောင်းလွှဲတာဟာ ဒီသဘောတူညီချက်ကို မတရားဘူးလို့ မြင်ကြတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ အာဘော်နဲ့ ထပ်တူကျနေပါတယ်။ ပါကစ္စတန်မှာကျတော့ ရေပြဿနာဟာ အနိုင်ကျင့်ခံရတဲ့ အရှိတရားအဖြစ် ပုံဖော်ခံရပြီး စစ်စရိတ်တိုးမြှင့်ဖို့နဲ့ နျူကလီးယား အင်အား ပိုမိုတောင့်တင်းအောင် လုပ်ဖို့အတွက် အကြောင်းပြချက် ဖြစ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ ဖာရတ်ကာနဲ့ တီးစတာမြစ်တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ မြစ်အောက်ပိုင်း လိုအပ်ချက်တွေအပေါ် အိန္ဒိယရဲ့ လျစ်လျူရှုမှုကို ပြသတဲ့ သင်္ကေတတွေ ဖြစ်နေပါတယ်။ နီပေါမှာဆိုရင် ကိုရှီ သဘောတူညီချက်ဟာ ရေအရင်းအမြစ်ဆိုင်ရာ ဗိုလ်ကျစိုးမိုးမှုရဲ့ ပြဋ္ဌာန်းစာအုပ်ထဲက သာဓကတစ်ခုပါ။
နိုင်ငံတိုင်းဟာ သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေး ပိုအားကောင်းအောင်လုပ်မယ့် လော့ဂျစ်တွေကိုပဲ ဖန်တီးနေကြပါတယ်။ ဒီတော့ အပြန်အလှန် မှီခိုနေရတဲ့ လက်တွေ့အခြေအနေကို နားလည်တဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အသံတွေဟာ အမြဲတစေ ပျောက်ကွယ်နစ်မြုပ်သွားရပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အလိုအပ်ဆုံး အကျပ်အတည်းတွေ ကိုယ်တိုင်ကပဲ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ မဖြစ်နိုင်ဆုံး အဆင့်ကို ရောက်သွားအောင် လုပ်နေကြတာ ဖြစ်ပါတယ်။
ဥတုရာသီအရေးနဲ့ အနာဂတ်အလားအလာ
ရေအရင်းအမြစ်နဲ့ ဆက်စပ်ဖြစ်စဉ်တွေ အားလုံးကို နောက်ကွယ်ကနေ မြန်မြန်ဆန်ဆန် တွန်းပို့နေတာကတော့ ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေပါပဲ။ အိန္ဒု၊ ဂင်္ဂါနဲ့ ဗြဟ္မပုတ္တရ မြစ်တွေကို တစ်ပြိုင်တည်း ရေပေးဝေနေတဲ့ ဟိမဝန္တာ ရေခဲမြစ်တွေရဲ့ ထုထည် ဆုံးရှုံးမှုဟာ သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်ရောက်ရင် သုံးပုံနှစ်ပုံအထိ ရှိနေနိုင်ပါတယ်။ ရေခဲအရည်ပျော်မှု မြန်ဆန်လာတာကြောင့် မြစ်ရေစီးဆင်းမှုဟာ ဒီရာစုနှစ်အလယ်မှာ အမြင့်ဆုံးကို ရောက်ရှိလာနိုင်ပါတယ်။ ဒီနောက်မှာတော့ ရေခဲတွေ အားလုံး အရည်ပျော်ကုန်ပြီဖြစ်လို့ ရေထုဟာလည်း ရာသက်ပန် လျော့နည်းသွားတော့မှာပါ။
လက်ရှိ အရည်ပျော်နေတဲ့ ရေတွေကို သိမ်းဆည်းဖို့ အိန္ဒိယက အခုဆောက်နေတဲ့ ဆည်တိုင်းဟာ နောင်ဆယ်စုနှစ်တွေမှာ မြစ်ဝှမ်းတစ်ခုလုံးရဲ့ ရေစီးဆင်းမှု ကျဆင်းလာချိန်မှာဆိုရင် ပိုပြင်းပြင်းထန်ထန် အငြင်းပွားရမယ့် အခြေခံအဆောက်အဦတွေ ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ခေတ် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဒီ မြစ်ဝှမ်းရဲ့ ရေရှည်စွမ်းရည် မကျဆင်းခင်မှာ ရေအရင်းအမြစ် အခြေခံအဆောက်အဦတွေကို မောင်ပိုင်စီးဖို့ ကြံစည်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဒီနေ့ တစ်ယောက် အနိုင်ရသွားတယ် ဆိုတာဟာ မနက်ဖြန်ကျရင် နောက်တစ်ယောက် အကုန် ဆုံးရှုံးသွားရတဲ့ အဓိပ္ပာယ်ပါပဲ။
အိန္ဒုမြစ်ဝှမ်းကနေ ပေးနေတဲ့ သင်ခန်းစာကတော့ လုံလောက်တဲ့ အင်အားရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ လုံခြုံရေး အရေးပေါ်အခြေအနေ ကြေညာပြီး နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ် ကတိကဝတ်တွေကို ဆိုင်းငံ့ထားနိုင်တယ်၊ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်တွေကို အပြစ်ပေးခံရခြင်းမရှိဘဲ ပယ်ချနိုင်တယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ပါးစပ်ပိတ်ပြီး ရပ်ကြည့်နေကြစဉ်မှာ ကာယကံရှင် နိုင်ငံဟာ မြစ်အောက်ပိုင်း ရေဆင်းစနစ်ကို ရာသက်ပန် ပြောင်းလဲပစ်မယ့် အခြေခံအဆောက်အဦတွေကို တည်ဆောက်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
ဒီဖြစ်စဉ်တွေဟာ တောင်အာရှမှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အားနည်းတဲ့ အိမ်နီးချင်းရဲ့ အထက်ပိုင်းမှာရှိပြီး ပိုသန်မာတဲ့ အိမ်နီးချင်းရဲ့ အောက်ပိုင်းမှာရှိတဲ့ ကိုင်ရို၊ အန်ကာရာ၊ အက်ဒစ် အာဘာဘာ အစရှိသဖြင့် မြို့တော်တိုင်းက ဒါကို လေ့လာနေကြပြီ ဖြစ်ပါတယ်။
အိန္ဒုသဘောတူညီချက်မှာ လက်မှတ်ရေးထိုးသူဖြစ်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကြားဝင်စေ့စပ်သူအဖြစ်လည်း ပါဝင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ဟာ ဒီသဘောတူညီချက် စနစ်တကျ ဖျက်ဆီးခံရမှုအပေါ် ဘာမှ အဓိပ္ပာယ်ရှိရှိ တုံ့ပြန်ခြင်း မရှိပါဘူး။ ဒီအဖွဲ့အစည်းကြီးရဲ့ နှုတ်ဆိတ်မှု တာရှည်လာလေ ဒီစံနမူနာဆိုးဟာ ပိုပြီး ခိုင်မာလာလေပါပဲ။
အခုထိ မရနိုင်သေးတဲ့ လိုအပ်ချက်ကတော့ နိုင်ငံစုံပါဝင်တဲ့ ရေအုပ်ချုပ်မှု ယန္တရားကြီးတစ်ခုပါ။ ဒီယန္တရားမှာ တရုတ်နိုင်ငံ ပါဝင်ရမှာ ဖြစ်ပြီး ဟိမဝန္တာ ရေကြောင်းစနစ်ကြီး တစ်ခုလုံးမှာ မြစ်အထက်ပိုင်းနိုင်ငံတွေရဲ့ အခွင့်အရေးကို မြစ်အောက်ပိုင်းနိုင်ငံတွေအပေါ် ထားရှိရမယ့် တာဝန်ဝတ္တရားတွေနဲ့ ချည်နှောင်ထားရပါမယ်။ ရေခဲမြစ်တွေ ကျုံ့လာတာနဲ့ မုတ်သုံလေ ပုံစံပြောင်းလဲမှုပုံစံတွေကိုလည်း ဒီယန္တရားက ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါတယ်။ ဟိမဝန္တာရေစီးကြောင်းကြီးဟာ နိုင်ငံအများအပြားက သန်းပေါင်းများစွာသော ပြည်သူတွေ မှီခိုနေရတဲ့ ဘုံသယံဇာတတစ်ရပ် ဖြစ်တယ် ဆိုတာကိုလည်း အသိအမှတ် ပြုရပါလိမ့်မယ်။
ချီနပ်မြစ်ဟာ နယူးဒေလီက ချမှတ်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး စီးဆင်းနေပါတယ်။
ပါဒမာမြစ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခေါ်တဲ့ ဂင်္ဂါမြစ်အောက်ခြေပိုင်းဟာ ခြောက်လအတွင်း သက်တမ်းကုန်တော့မယ့် သဘောတူညီချက်အောက်မှာ စီးဆင်းနေပါတယ်။ ဗြဟ္မပုတ္တရမြစ်ဟာလည်း ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် တရုတ်ဆည်ကြီးရဲ့ အောက်မှာ စီးဆင်းရတော့မှာပါ။ တစ်ချိန်တည်းမှာပဲ ဒါတွေအားလုံး မြစ်ဖျားခံရာ ရေခဲမြစ်တွေကတော့ တစ်စစ အရည်ပျော်ပြီး ကုန်ခမ်းလာနေကြပြီ ဖြစ်ပါတယ်။
ရည်ညွှန်း – Water wars washing away South Asia’s fragile peace by Jannatul Naym Pieal, ASIA TIMES
ရာဗီချန်ဒရာကူးမား







