ထားဝယ်မြို့၏ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ကျေးရွာ ငါးရွာက ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား တစ်ရာနီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဇွန်လ ၁၉ ရက်တွင် မောင်မယ်ရှောင်ကျေးရွာအုပ်စု အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းစစ်ကြောင်းသည် ဇွန်လ ၂၀ရက် မွန်းလွဲပိုင်းတွင် မောင်မယ်ရှောင်ကျေးရွာအုပ်စု ရဲအိုင်ကျေးရွာအနီးသို့ ရောက်ရှိလာ ချိန်တွင် တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“တိုက်ပွဲ စဖြစ်ချိန် မွန်းလွဲ ၁ နာရီ လောက်ရှိပြီ။ မှီအုံးတောင် မုတ်ဦးနားမှာဖြစ်တာ ညဘက်အထိ ပစ်ကြတုန်းပဲ့” ဟု ၎င်းက ပြောဆိုသည်။
စစ်ကြောင်းထိုးစဉ်ကပင် လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲမဖြစ်မီကပင် မောင်မယ်ရှောင် ကျေးရွာအုပ်စုရှိ ပဒိုင်းချောင်း၊ကမ်းကုန်း၊ ရဲအိုင်၊ ခေါင်တိုင်ပြင်၊ ရေဝိုင်း စသည့် ကျေးရွာ ငါးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့က ကင်းပုန်းဝပ်ဝပ်ပြီးဝင်လာတဲ့ အခါကျတော့ ရွာသားတွေက အားလုံးကြိုရှောင်နေကြရတာ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။
ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအခြေစိုက် အမြောက်တပ်နှင့် ရေဖြူမြို့နယ်၊ ကျောင်ကညာကျေးရွာအခြေစိုက် အမြောက် တပ်တို့ကလည်း မောင်မယ် ရှောင်ကျေးရွာအုပ်စုဘက်သို့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးကျည်အချို့မှာ ရေဝိုင်းကျေးရွာသင်္ချိုင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံထောင်နှင့်ချီမှာ အစားအသောက်နှင့် အဝတ်အထည်မျာ အကူအညီ လိုအပ် နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ပခပ်အင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
မောင်မယ်ရှောင်ကျေးရွာအုပ်စုသည် ထားဝယ်မြို့၏ အရှေ့ မြောက်ဘက် ၈ မိုင်ဝန်းကျင် အကွာတွင် တည်ရှိသည်။







