ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ တည်ဆောက်ဆဲ ရထားလမ်းစီမံကိန်းတွင် ဥမင်လှိုင်ခေါင်းထဲ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားအပါအဝင် အလုပ်သမား နှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၂၀ ရက် ညက ဒေချိုင်း-ချင်းရိုင်-ချင်းခေါင်း ရထားလမ်း (SRT) စီမံကိန်းတွင် ဒွိုင်လွိုင် ဥမင်လှိုင်ခေါင်းထဲ၌ အလုပ်သမားများ အလုပ်လုပ်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်သည်။
ဥမင်လှိုင်ခေါင်းကို တူးဖော်မှုပြီးစီးသဖြင့် အလုပ်သမားများသည် လှိုင်ခေါင်းထဲ ဝင်ပြီး နံရံများတွင် စတီးဘောင်များ တပ်ဆင်နေစဉ် မြေကြီးနှင့် ကျောက်တုံးများ ပြိုကျလာပြီး အလုပ်သမားများကို ဖိမိသွားကြောင်း ဖော်ပြသည်။




မတော်တဆမှုကြောင့် မြန်မာအလုပ်သမား တစ်ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အလုပ်သမား အခြားနှစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြသည်။
ဒဏ်ရာရရှိသူများကို အရေးပေါ်ကားဖြင့် ချင်းရိုင်ဆေးရုံသို့ အမြန် ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
တာဝန်ရှိသူများက လှိုင်ခေါင်းကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး မတော်တဆမှုဖြစ်ခဲ့သည့် အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ ဥမင်လှိုင်ခေါင်းကို ၂၀၂၅ ခုနှစ်ကတည်းက တူးဖော်မှုပြီးဆုံးခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြေသားများ ပျော့နေရာမှ ပြိုကျခဲ့ကြောင်း အာဏာပိုင်များက ယူဆထားသည်။
Ref: MGR Online, Siamrath







