မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်ရန် ပြည်နယ်စစ်အစိုးရက ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် မေလ ၁၈ ရက်ကစပြီး ချောင်းနှစ်ခွကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်း အနီးဝန်းကျင်ကို မိုင်းရှင်းလင်းသည့်အပြင် တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးနေသည့် စာသင်ဆောင် များကိုလည်း ပြန်လည် ပြင်ဆင်နေကြောင်း ၎င်းတို့က ဆိုသည်။
ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေသော်လည်း ကလေးများအတွက် မိုင်းအန္တရာယ်နှင့် တိုက်ပွဲကြောင့် စစ်ကျန်လက်နက် ပစ္စည်း အန္တရာယ်တို့ကို စိုးရိမ်ပူပန်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျောင်းက ပိတ်ထားတာကြာတော့ အခြားဒေသမှာ ပြောင်းပြီး ကျောင်းတက်ကုန်ကျတယ်။ အခု ကျောင်းက ဖွင့်တယ် ဆိုပေမယ့် တက်မယ့် ကလေးတွေ နည်းမယ်ထင်တယ်။ နောက်ပြီးပြောရရင် ကလေးအတွက်လည်း စိတ်မအေးဘူးလေ” ဟု ချောင်းနှစ်ခွဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲပြင်းထန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်အာဏာရှင်တပ်ဘက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ချောင်းနှစ်ခွဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး ရွာစာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။
၂ နှစ်ကျော်ကြာလာသည်အထိ ကျေးရွာအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲအခြေချထားသည့်အတွက် ချောင်းနှစ်ခွဒေသအများစု နေရပ်မပြန်ဘဲ လူအနည်းစုသာ ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
ချောင်းနှစ်ခွတိုက်ပွဲအတွင်း ချောင်းနှစ်ခွကျေးရွာအပြင် ကျိုက်မရောမြို့နယ်အတွင်းရှိ မယ်တရို၊ ကော့ဒွန်း၊ ကော့ပနော၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ ပေါလောကုန်း အပါအဝင် ကျေးရွာ ၂၀ ရွာထက်မနည်းက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထိုတိုက်ပွဲအတွင်း ကလေး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိခဲ့သည်။
ပုံစာ – စစ်အာဏာရှင်တပ်က ချောင်းနှစ်ခွရွာ စာသင်ကျောင်းတွင် မိုင်းရှင်းလင်းနေသည်ကို မေ ၁၈ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ – မွန်ပြည်နယ်စစ်အစိုးရ။







