တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ရမ်းဖိုရွာသို့ လှည့်ကင်းထွက်လာစဥ် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီဝန်းကျင်တွင် လှည့်ကင်းထွက်လာချိန် ဗိုလ်ခရင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“စစ်သားတွေ မိုင်းဆွဲခံရပြီးနောက် သေနတ်ငယ်တွေနဲ့ တစ်ဖက်တည်း ရမ်းသမ်းပစ်ခတ်တယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ဘူး။ ရမ်းသမ်းလျှောက်ပစ်နေတယ်။ (မိုင်းဆွဲတိုက်ခိုက်လို့ စစ်အာဏာရှင်တပ်ဘက်က) ထိခိုက်မှု ရှိတယ်လို့တော့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ဗိုလ်ခရင်းတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သားများဘက် ထိခိုက်မှုဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်အာဏာရှင်တပ်သားများသည် မိုင်းဆွဲခံရပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ပြီး ရမ်းဖိုရွာရှိ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အိမ်က အသေးလေးပါ။ ဓနိမိုး ထရံကာထားတဲ့ အိမ်ကို မီးရှို့လိုက်တယ်။ ရမ်းဖိုရွာမှာ ဒေသခံတွေ ရွာထဲမှာ မနေတာက သုံးနှစ်ကျော်ပြီ။ မီးရှို့ခံရတဲ့ အိမ်မှာလည်း လူမနေဘူး” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလ ၁၂ရက်နေ့ မွန်းလွဲပိုင်းကလည်း ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများ လှည့်ကင်းထွက်လာစဥ် ဗိုလ်ခရင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရမ်းဖိုရွာတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး စစ်အာဏာရှင်တပ်သားများ ရွာသို့ မကြာခဏ ဝင်ရောက်တပ်စွဲလေ့ရှိသဖြင့် ရွာသားများသည် တိမ်းရှောင်နေရာသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။







