မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် အသတ်ခံရသည့် အမျိုးသားနှစ်ဦးသည် MPT ရုံးက ဝန်ထမ်းများဖြစ်ပြီး တာဝါတိုင်စစ်ဆေးပြုပြင်ရန်သွားစဉ် အသတ်ခံရခြင်းဖြစ်ကြောင်း MPT ရုံးနှင့် နီးစပ်သူအချို့က ပြောသည်။
သံဖြူဇရပ်မြို့နယ် MPT ရုံးဝန်ထမ်း အမျိုးသားနှစ်ဦးသည် မေလ ၁၉ ရက်က ဝဲခမီကျေးရွာရှိ တာဝါတိုင်သို့ မီးစက်ပြင်ရန် သွားကြခြင်း ဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။
ယင်းနောက် နှစ်ရက်အကြာ မေလ ၂၀ ရက် နံနက်တွင် အထက်ပါ အမျိုးသားနှစ်ဦးသည် ထင်းရူးကျေးရွာအနီး သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်းဘေးတွင် လက်ပြန် ကြိုးတုပ်ပြီး ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။
၎င်းတို့သည် အသက် ၂၀ ကျော်နှင့် အသက် ၃၀ ကျော်လူငယ်များဖြစ်ကြပြီး သံဖြူဇရပ်မြို့ အောက်ဇေယျရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ယခုသီတင်းပတ်အတွင်း အသတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိမှု ဆက်တိုက်ရှိနေသဖြင့် စိုးရိမ်ထိတ်လန့်ကြောင်း ခရီးသွားဒေသခံအချို့က ဆိုသည်။
“အခုက ရေးဘက် ဆင်းဖို့က ခပ်ကြောက်ကြောက်ပဲလေ။ အသတ်ခံနေရတာ တွေ့နေရတယ်။ ဒေသခံမဟုတ်တော့ ပိုပြီး ကြောက်ရတယ်။ ဘုမသိ ဘမသိနဲ့ သွားရင်းလာရင်း ပါသွားမှာ ကြောက်တယ်။ အမှန်က ရေး သွားတဲ့လမ်းကလေ လုံခြုံမှု မရှိဘူး။ တိုက်ပွဲလည်း ခဏခဏဖြစ်နေတယ်” ဟု ရေးသို့ မကြာခဏ သွားလေ့ရှိသည့် မုဒုံဒေသခံတစ်ဦးက ပြောသည်။
မေလ ၁၄ ရက်ကလည်း ရေး-သံဖြူဇရပ်ကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သေးသည်။ အဆိုပါ အမျိုးသားများမှာ ပဲခူးတိုင်း ဒေသခံများဖြစ်သည်။
သံဖြူဇရပ်-ရေးလမ်းပိုင်းတစ်လျှောက် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွား လေ့ရှိသည့်အပြင် ဖြတ်သန်းသွားလာသူများ ဖမ်းဆီးခံရခြင်း၊ ပစ်ခတ်ခံရခြင်းများလည်း မကြာခဏ ရှိသည်။







