ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့ဖလား ပွဲ ၁,၀၀၀ မြောက်ပွဲစဉ် ဂျပန် ကစားခွင့်ရရှိ၊ ဂျပန် တော်ဝင်မင်းသမီး လာအားပေးမယ်

June 20, 2026

အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဒီနေ့ (ဇွန် ၂၀) ပွဲစဉ်က ဖီဖာရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းတလျှောက် ပွဲ ၁,၀၀၀ ပြည့်ပွဲစဉ် ဖြစ်ပါတယ်။

ဒီသမိုင်းဝင်ပွဲစဉ်ဟာ အုပ်စု (F) ရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ တူနီးရှားအသင်းတို့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကျရောက်သွားခဲ့တာပါ။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အသင်းရဲ့ နည်းပြဖြစ်သူ ဟာဂျီမဲ မိုရိယာစု က မွန်တာရေးမြို့အနီးမှာရှိတဲ့ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဒါဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ပွဲ ၁,၀၀၀ မြောက် ပွဲစဉ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိစေမယ့် ပွဲတစ်ပွဲ ဖြစ်စေရစေ့မယ်လို့ ကျွန်တော်နဲ့ ကစားသမားတွေက သေချာပေါက် အာမခံပါတယ်”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲစဉ်ကို ဂျပန်တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တဲ့ မင်းသမီး ဟီဆာကို (Hisako, Princess Takamado) ကိုယ်တိုင် ကွင်းထဲအထိ လာရောက်ကြည့်ရှု အားပေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းက နယ်သာလန်အသင်းနဲ့ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

ဒီသမိုင်းဝင် ပွဲ ၁,၀၀၀ မြောက် ပွဲစဉ်ကို ကိုင်တွယ်ဖို့အတွက် ဖီဖာက ရိုမေးနီးယားနိုင်ငံသား ကွင်းလယ်ဒိုင်လူကြီး အစ္စဗန် ကိုဗက်စ် ကို ရွေးချယ်ထားခဲ့ပါတယ်။

ဖီဖာဟာ ဒီသမိုင်းဝင်ပွဲစဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒိုင်လူကြီးအတွက် လက်မောင်းမှာ ရွှေရောင်အစင်းတွေ ပါဝင်ပြီး ကမ္ဘာ့ဖလားဆုဖလားပုံရိပ်နဲ့အတူ ‘Match 1000’ ဆိုတဲ့ စာတန်းပါ တံဆိပ် တစ်ခုကို ထည့်သွင်းချုပ်လုပ်ထားတဲ့ အထူးထုတ် Adidas ဒိုင်လူကြီးဝတ်စုံကို ပေးအပ် ဂုဏ်ပြုထားပါတယ်။

ဖီဖာရဲ့ ဒိုင်လူကြီးကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ နာမည်ကျော် ဒိုင်လူကြီးဟောင်းလည်းဖြစ်တဲ့ ပီယာလူအီဂျီ ကော်လီနာ က “ကျွန်တော်တို့က ဒီပွဲအတွက် ရွှေရောင်အစင်းကြောင်းတွေ၊ ကမ္ဘာ့ဖလားပုံရိပ်နဲ့ Match 1000 စာသားပါတဲ့ အထူးထုတ် ဒိုင်လူကြီးဝတ်စုံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်”လို့ ရှင်းပြသွားခဲ့ပါတယ်။

ဖီဖာရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့ပြီး အဲ့ဒီတုန်းက အိမ်ရှင် ဥရုဂွေးအသင်းဟာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ အဲ့ဒီ ၁၉၃၀ ပြိုင်ပွဲရဲ့ သမိုင်းဦး အဖွင့်ပွဲစဉ် ပထမဆုံးနှစ်ပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားစေခဲ့တာဖြစ်ပြီး တစ်ပွဲမှာ ပြင်သစ်က မက္ကဆီကို ကို လေးဂိုး တစ်ဂိုးနဲ့ နိုင်ခဲ့ကာ နောက်တစ်ပွဲမှာတော့ အမေရိကန်ပြည်ထောင်စုက ဘယ်လ်ဂျီယံကို သုံးဂိုး ဂိုးမရှိ ရလဒ်နဲ့ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။