ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ကိပ်ဗာဒီအသင်းက အင်အားကြီး စပိန်အသင်းကို ဂိုးမရှိသရေရလဒ် အံ့အားသင့်ဖွယ် ကစားနိုင်ခဲ့ပြီးတဲ့နောက် ကိပ်ဗာဒီဂိုးသမားကြီး ဗိုဇင်ညာ ဟာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့ပါတယ်။
မီဒီယာတွေက ဗိုဇင်ညာ ကို “ဘာကြောင့် ခုလို ငိုကြွေးရတာလဲ”လို့ မေးခွန်းမေးလိုက်ချိန်မှာ သူက ဆင်းရဲလှတဲ့ သူတို့ရဲ့မိသားစုအခြေအနေကြောင့် သူ့ရဲ့အမေဟာ အမေရိကန်ကို လာရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဗီဇာအာမခံကြေး (Visa Bond) ဒေါ်လာ ၁၅,၀၀၀ ကို မတတ်နိုင်ခဲ့ကြောင်းနဲ့ ဒီနေ့မှာ သူ့အမေကို ရှိစေချင်ခဲ့ကြောင်း ဖွင့်ဟခဲ့လို့ တစ်ကမ္ဘာလုံးက ဗိုဇင်ညာရဲ့ဝမ်းနည်းမှုကို သိရှိသွားခဲ့ပါတယ်။
အခုတော့ အဲ့ဒီ ဗီဇာပြဿနာတွေ အားလုံးကို အမေရိကန်အစိုးရဘက်က ဗီဇာအာမခံကြေး ကင်းလွတ်ခွင့်နဲ့ အဆင်ပြေပြေ စီစဉ်ပေးလိုက်ပြီဖြစ်လို့ ဗိုဇင်ညာရဲ့အမေ ဟာ အမေရိကန်ပြည်ထောင်စုဆီ လေကြောင်းခရီးနဲ့ လာနေပြီလို့ South China Morning Post က ရေးသားထားပါတယ်။
သားဖြစ်သူ ကမ္ဘာ့ဖလားပွဲ ပါဝင်ကစားနေတာကို ဗိုဇင်ညာရဲ့အမေ လာရောက်ကြည့်ရှုနိုင်စေဖို့အတွက် အမေရိကန်အစိုးရဟာ ဖီဖာ၊ ကိပ်ဗာဒီ အာဏာပိုင်တွေနဲ့ အတူတကွ ပူးပေါင်းပြီး ပြဿနာ ပြေလည်သွားအောင် အမြန်ဆုံး ဖြေရှင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ ဗီဇာကို တရားဝင် အတည်ပြုပေးခဲ့ရုံတင်မကဘဲ ဗီဇာကြေး/အာမခံကြေးတွေကိုပါ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစီအစဉ်တွေကိုပါ စနစ်တကျ စီစဉ်ပေးခဲ့ကြတာဖြစ်တယ်လို့ အမေရိကန်အစိုးရက အသိပေးထားပါတယ်။
အခုဆိုရင် သိပ်မကြာခင်မှာပဲ ဗိုဇင်ညာနဲ့ သူ့ရဲ့အမေတို့ ပြန်လည်ဆုံဆည်းခွင့် ရတော့မှာပါ။ သူ့ရဲ့အမေဟာ ကိပ်ဗာဒီအသင်းရဲ့ အုပ်စု (H) ထဲက နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးနဲ့ ပွဲအမီ မိုင်ယာမီမြို့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးသမား ဗိုဇင်ညာအနေနဲ့ သူ့ရဲ့ ကမ္ဘာ့ဖလား ပါဝင်ကစားနေတာကို မိခင်ဖြစ်သူက ပွဲကြည့်စင်ပေါ်ကနေ အားပေးခွင့်ရစေချင်တယ်ဆိုတဲ့ဆန္ဒ ပြည့်ဝသွားတော့မှာပါ။
လေဆိပ်မှာ ဗိုဇင်ညာရဲ့အမေက ထင်ရှားသူတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ သူ့မိသားစု လေဆိပ်ထဲ ဝင်လာကတည်းက အမှတ်တရဓာတ်ပုံ ရိုက်ကူးသူတွေဟာ အများအပြားရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။







