ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်၏ အီရန်စစ်ပွဲလုပ်ပိုင်ခွင့်ကို ကန့်သတ်မည့်မူကြမ်း ရှေ့ဆက်ရန် ကန်အထက်လွှတ်တော် ဆုံးဖြတ်

May 20, 2026

လွှတ်တော်၏ ခွင့်ပြုချက်မရရှိပါက အီရန်စစ်ပွဲကို အဆုံးသတ်ရန် သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးမည့် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ရှေ့ဆက်တွန်းအားပေးရန် အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ယင်းမှာ အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၈၀ အကြာတွင် ရီပတ်ဘလင်ကန်ခေါင်းဆောင် သမ္မတထရမ့်အပေါ် ယင်းပါတီတွင်းမှ ထူးထူးခြားခြား ကန့်ကွက်ရှုတ်ချလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် ဆီးနိတ်လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

အဖွဲ့ဝင်အမတ်ဦးရေ ၁၀၀ ပါဝင်သည့် အထက်လွှတ်တော်တွင် ရီပတ်ဘလင်ကန်အမတ် လေးဦးက ဒီမိုကရက်အမတ်များနှင့် ပူးပေါင်းကာ ထောက်ခံမဲပေးခဲ့သည်။ ရီပတ်ဘလင်ကန်အမတ် သုံးဦးမှာ မဲပေးရန် ပျက်ကွက်ခဲ့ပြီး ကန့်ကွက်မဲပေးခဲ့သည့် ဒီမိုကရက်အမတ်တစ်ဦးသာ ရှိခဲ့သည်။

ယခုရလဒ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း စစ်ပွဲအတွင်းသို့ စစ်တပ်စေလွှတ်ပိုင်ခွင့် အာဏာသည် သမ္မတထံတွင်မရှိဘဲ ကွန်ဂရက်လွှတ်တော်၌သာ ရှိသင့်ကြောင်း အစဉ်တစိုက် ငြင်းချက်ထုတ်လာခဲ့သည့် ဥပဒေပြုအမတ်များအတွက် အောင်ပွဲတစ်ခု ဖြစ်သည်။

သို့ရာတွင် ယခုမဲခွဲမှုသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ အဆင့်တစ်ခုသာဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက် အတည်ဖြစ်လာစေရန်အတွက် ကြီးမားသောအဆီးအတားများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

အထက်လွှတ်တော်တွင် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်း အပြီးသတ်အောင်မြင်သွားလျှင်ပင် ရီပတ်ဘလစ်ကန်ပါတီက အများစုစိုးမိုးထားသည့် အောက်လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုချက် ရရှိရန် လိုသေးသည်။

ယင်းအပြင် သမ္မတထရမ့်ဘက်က ဗီတိုအာဏာသုံးပြီး ပယ်ချလာမည့်အရေးကို ကျော်လွှားနိုင်ရန်အတွက် လွှတ်တော်နှစ်ရပ်စလုံးတွင် သုံးပုံနှစ်ပုံအထက် ထောက်ခံမဲအများစုကို မဖြစ်မနေရရှိရန် လိုအပ်နေသည်။

Ref: Reuters, The Guardian