ဘန်ကောက်မြို့ မက်ကစန်ရထားလမ်းမှတ်တိုင်အနီးတွင် ဖြစ်ခဲ့သော ရထားတိုက်မှုတွင် သေဆုံးသူ ၈ ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။
မေလ ၁၆ ရက်နေ့က ဖြစ်ခဲ့သော ရထားတိုက်မှုတွင် သေဆုံးသူ ၈ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ကို မှုခင်းရဲတပ်ဖွဲ့က အချက်အလက် အတည်ပြုနိုင်ခဲ့သည်။
အတည်ပြုနိုင်ခဲ့သော သေဆုံးသူ ၆ ဦးထဲတွင် အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး ပါဝင်ကြောင်းလည်း အတည်ပြုနိုင်ခဲ့သည်။




မအေးအေးမြင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာ ဇာတိဖြစ်ပြီး မိသားစုဝင်များက အလောင်းလာရောက် ထုတ်ယူနေပြီဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားချက်အရ သိရသည်။
ကျန်အတည်ပြုထားသူ ၅ ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့ထဲတွင် တတိယနှစ် တက္ကသိုလ်ကျောင်းသား၊ Graphic designer တို့လည်း ပါဝင်သည်။
အချက်အလက် အတည်ပြုရန် ကျန်ရှိနေသူ နှစ်ဦးအနက် တစ်ဦး၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိထားပြီးဖြစ်ကာ DNA အတည်ပြုရန် စောင့်ဆိုင်းနေဟုဆိုသည်။
ကျန်တစ်ဦးကို အတည်ပြုနိုင်ရန်အတွက် ပျောက်ဆုံးနေသော မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ တိုင်ကြားကြရန်လည်း ရဲတပ်ဖွဲ့က အသိပေးထားသည်။
လက်ရှိတွင် ရထားတိုက်မှုနှင့် ပက်သက်၍ တာဝန်ပေါ့လျော့မှုဖြင့် ရထားမောင်းသူနှင့် ရထားလမ်း ဖြတ်ကူးရေးတာဝန်ခံတို့ကို အမှုဖွင့် အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။
Ref: Khaosod, PPTV HD







