ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သံဖြူဇရပ်တွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားနှစ်ဦး အလောင်းထပ်တွေ့

May 20, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းနှစ်လောင်း ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ မေလ ၂၀ရက် နံနက် ၉နာရီဝန်းကျင်တွင် ထင်းရူးကျေးရွာအနီး သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်း ဘေးတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ပေါင်၊ ရင်ဘတ်၊ လည်ပင်းတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ မသိရသေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းတွေကို လမ်းသွားလမ်းလာတွေက တွေ့တာ။ သူတို့တွေက ဘယ်သူတွေလည်း ဒေသခံတွေပဲလား၊ ဘာမှ မသိရသေး” ဟု ၎င်းက ပြောဆိုသည်။

ရုပ်အလောင်းတွေ့ရှိသည့် နေရာအနီးတွင် ကျည်ခွံများလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။

ရုပ်အလောင်းများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

မေလ ၁၄ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း‌ဘေးတွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း သုံးလောင်း တွေ့ရှိခဲ့သေးသည်။

အဆိုပါ အမျိုးသားသုံးဦးမှာ ပဲခူးတိုင်းဒေသခံများဖြစ်ပြီး ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေနံချေး လိုက်သုတ်နေကြသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သံဖြူဇရပ်နှင့် ရေးကြား ကားလမ်းပိုင်းတစ်လျှောက်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း မကြာခဏ တွေ့ရလေ့ရှိပြီး စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသူများရှိသလို အချို့မှာ လက်သည်မပေါ်ပေ။