ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်ထားသည့် အမျိုးသားနှစ်ဦးသည် မြို့ခံများထံမှ ငွေကျပ်သိန်း သောင်းချီ လိမ်လည်ကာ ထွက်ပြေးသွားကြောင်း ငွေကြေးလိမ်လည်ခံရသူအချို့က ပြောသည်။
ရွှေဇင်ယော်ရပ်ကွက် မြရည်ပုလဲလမ်းတွင် အပေါင်ဆိုင်ဖွင့်ထားပြီး အသက် ၄၇ နှစ်အရွယ် ကိုဇေနှင့် အသက် ၃၈ နှစ် အရွယ် ကိုဘုဏ်း ဆိုသူတို့က လိမ်လည်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူအချို့က ဆိုသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် အပေါင်ဆိုင်ဖွင့်ထားပြီး လစဉ်စုငွေကိုလည်း ဒိုင်အနေဖြင့် လုပ်ကိုင်ကြသည့်အပြင် မြို့ခံများ ထံမှလည်း ငွေကြေးအမြောက်အများကို အတိုးဖြင့် ချေးယူထားကြောင်း ၎င်းတို့က ပြောဆိုသည်။
“သူတို့ကိုယ် သူတို့ မင်းမျိုးမင်းနွယ်တွေဆိုပြီး လူတွေကို အထင်ကြီးအောင်ပြောထားတယ်။ ပြီးရင် ဘုရားတည်တယ်၊ ကထိန်ခင်းတယ်၊ ရဟန်းခံရှင်ပြုအလှူတွေကိုဆို ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး ကြီးကြီးကျယ်လုပ်တယ်။ သူတို့ကိုယ် သူတို့ ပိုက်ဆံချမ်းသားတဲ့သူတွေပုံစံ ဖမ်းထားပြီး လူတွေကို အယုံသွင်းပြီးတော့မှ လိမ်သွားတာ” ဟု ကိုယ်တိုင် ကျပ်သိန်းငါးရာနီးပါး အလိမ်ခံရသူ ကိုစိုးငယ်က ပြောသည်။
စုငွေ စာချုပ်စာတန်းပါ မှတ်တမ်းအရ ကိုဇေဆိုသူ၏ မှတ်ပုံတင်ပါ အမည်မှာ ကိုဇေဝဏ္ဏထင်ဖြစ်ပြီး ကိုဘုဏ်းဆိုသူ၏ အမည်မှာ ကိုဘုဏ်းသင်္ခကျော် ဖြစ်ကြောင်း ငွေကြေးလိမ်ခံရသူအချို့ ပြောသည်။
၎င်းတို့နှစ်ဦးသည် ကော့သောင်းမြို့ခံများ မဟုတ်သော်လည်း မှတ်ပုံတင်နံပါတ်မှာ ကော့သောင်းမှတ်ပုံတင်ကို ကိုင်ဆောင်ထားကြောင်း ၎င်းတို့က ဆိုသည်။
“သူတို့ရဲ့ မှတ်ပုံတင်တွေကလည်း ဒီရောက်မှ လုပ်ထားတာဖြစ်မယ်။ နံပါတ်တွေက အတူတူပဲ၊ နောက်ဆုံးတစ်လုံးပဲ လွဲတာ” ဟု ရွှေပြည်သာရပ်ကွက်မှ လိမ်လည်ခံရသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
လိမ်လည်ခံရသူများတွင် ကျပ်သိန်း ထောင်ချီ လိမ်လည်ခံရသူများ ပါဝင်ကြောင်း ငွေကြေးလိမ်ခံရသူအချို့ ပြောသည်။
ဂေါပက တစ်ဦးထံမှ ကျပ်သိန်းတစ်ထောင်၊ ဆရာတော်တစ်ပါး တစ်ပါးထံမှ ကျပ်သိန်းနှစ်ထောင်၊ ရှေ့နေအမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်းတစ်ထောင်နှင့် ထိုင်းဘတ်ငွေ ခုနစ်သိန်း၊ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ ကျပ်သိန်းတစ်ထောင်ကျော်နှင့် ဘတ် ၁၅ သိန်း လိမ်လည်သွားကြောင်း ငွေကြေးလိမ်ခံရသူအချို့က ပြောဆိုကြသည်။
မြို့ခံ အခြားသုံးဦးထံမှလည်း စိန်ထည်အပေါင်ပစ္စည်းတစ်ခုအပါအဝင် ဘတ် ခုနစ်သိန်းကျော်နှင့် ကျပ်သိန်းနှစ်ထောင် နီးပါးလည်း ပါသွားသေးကြောင်း ၎င်းတို့က ပြောသည်။
လတ်တလော သိရှိထားသည့် စာရင်းအရ မြို့ခံကိုးဦးထံမှ စုငွေ၊ ချေးငွေနှစ်ခုပေါင်း ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်နှင့် ထိုင်းဘတ်ငွေ ၂၉ သိန်းခန့် ရှိကြောင်း အလိမ်ခံရသူအချို့က ပြောဆိုသည်။
ဘတ်တစ်သောင်း၊ နှစ်သောင်း စသည့်ဖြင့် ချေးငှားထားသူများ၊ အခြားစုငွေထည့်ဝင်ထားသူများလည်း အများအပြား ရှိသေးပြီး အားလုံးပေါင်းပါက ကျပ်သိန်း နှစ်သောင်း အနည်းဆုံးရှိနိုင်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
ကိုဇေ၊ ကိုဘုဏ် တို့သည် လွန်ခဲ့သော ငါးနှစ်ကျော်ကမှ ကော့သောင်းမြို့ကို ရောက်လာခဲ့ခြင်းဖြစ်ပြီး ဈေးထဲတွင် ကုန်စုံဆိုင်ရောင်းချခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
၂၀၂၅ ခုနှစ်အစောပိုင်းတွင်မူ ရွှေဆိုင်ဖွင့်ရန် ဆိုင်ခန်းငှားခဲ့သော်လည်း နောက်ပိုင်း ရွှေဆိုင်မလုပ်ဖြစ်တော့ဘဲ လိုင်စင်ရ အပေါင်ဆိုင် ဖွင့်ခဲ့ကြောင်း ဆိုသည်။ အပေါင်ဆိုင်နှင့်အတူ တစ်လတစ်ကြိမ်ယူ စုငွေကိုလည်းလုပ်ကိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးက ဒိုင်ကိုင်ခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။
၂၀၂၆ ခုနှစ် ဧပြီလ သင်္ကြန်ကျခါနီးအချိန်တွင် အပေါင်ဆိုင်ကို ပိတ်လိုက်ပြီး သင်္ကြန်အပြီးတွင် ၎င်းတို့နှစ်ဦးအနက် တစ်ဦး သည် ကော့သောင်းမြို့သို့ ပြန်ရောက်လာပြီး အပေါင်ဆိုင်က ပစ္စည်းများကို ရောင်းချခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။
မေလ ၅ ရက်နောက်ပိုင်းတွင်မူ လုံးဝ မတွေ့ရတော့ကြောင်း ၎င်းတို့က ဆိုသည်။
“လေယာဉ်ကွင်းတွေမှာပါ လတ်မှတ်ဝယ်ထားသလား လိုက်စုံစမ်းတာ ဘယ်မှာမှ မရှိဘူး။ ကျွန်တော်တို့အထင်တော့ ထိုင်းဘက်ကို ရေလမ်းကနေ ထွက်ပြေးသွားတာဖြစ်မယ်” ဟု ကိုစိုးငယ်က ပြောသည်။
ကိုဇေ၊ ကိုဘုဏ် တို့၏ ဖုန်းနံပါတ်များကို လုံးဝဆက်သွယ်၍ မရတော့သည့်အပြင် ဆိုရှယ်မီဒီယာအကောင့်များမှတစ်ဆင့် ဆက်သွယ်သော်လည်း အကြောင်းမပြန်တော့ကြောင်း မြို့ခံများထံမှ သိရသည်။
သို့သော် လိမ်လည်မှုနှင့် ပတ်သက်၍ အမှုဖွင့် တိုင်ကြားထားခြင်းမရှိသေးကြောင်း လိမ်လည်ခံရသူတို့က ပြောဆိုသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ကိုဇေနှင့် ကိုဘုဏ် တို့၏ ဖုန်းနံပါတ်တို့အား Dawei Watch က ယနေ့ မေလ ၂၀ ရက် နေ့လယ်တွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ် မရပေ။







