မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လက်နက်တိုက် မီးလောက်ပေါက်ကွဲကြောင်း မြို့ခံများက ပြောသည်။
စကခ ၁၉ ဌာနချုပ်အတွင်း ဧပြီ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် မီးလောင်ပြီး ပေါက်ကွဲမှု စတင်ကြားရကြောင်း ၎င်းတို့က ဆိုသည်။
ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး နာရီနှင့်ချီ ကြာမြင့်ခဲ့ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။
“စကခ ၁၉ ကနေ ပေါက်ကွဲသံတွေ အကြိမ်ရေ မနည်းဘူး၊ ဆက်တိုက်ကြားရတယ်။ ဝါယာရှော့ဖြစ်ပြီး လက်နက်တိုက် မီးလောင်ရာကနေ ပေါက်ကွဲမှု ဖြစ်တယ်လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။
မီးလောင်မှုကြောင့် လက်နက်ဂိုထောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မီးငြိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
လက်နက်တိုက်မီးလောင်မှုတွင် ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်နက်တိုက် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အာဏာရှင်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်နက်တိုက် မီးလောင်မှုဖြစ်စဉ်ကြောင့် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တာဝန်ရှိသူများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က စစ်ဆေးနေသည်ဟု ကြားသိရကြောင်း ဒေသတွင်း စစ်ရေးအခြေအနေ စောင့်ကြည့်နေသူတို့က ဆိုသည်။
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် အရှေ့တောင်တိုင်းဌာနချုပ်အောက်တွင် ရှိသည်။







