ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် အသက် ၂နှစ်ကျော်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။
ဝဲကျွန်းရပ်ကွက်၊ သမီးတော်သောက်ရေသန့်စက်ရုံအနီး၌ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် သားအဖနှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် အိုးဝေသုံးဘီးတို့ မျက်နှာချင်းဆိုင် တိုက်မိကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ပြောသည်။
“သူအဖေကတော့ ခြေထောက် ကျိုးသွားတယ်။ ကလေးက သုံးဘီမော်တော်ယာဉ်အောက်ရောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။
ကလေးငယ်တွင် နံရိုးကျိုးကာ အဆုတ်ကို ထိခိုက်ပြီး သေဆုံးကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
သေဆုံးသည့် ကလေးငယ်၏ မိသားစုသည် ထားဝယ်မြို့သစ် ၅ လမ်းတွင် နေထိုင်နေကြသူများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း ထားဝယ်မြို့၊ မြိုသစ် ၆လမ်းပေါ်တွင် မြေတင်ကားနှင့် ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်။
မြိတ်မြို့တွင်လည်း ဇွန်လ ၉ ရက် ညက အထက်တန်းကျောင်းသားသုံးဦး စီးလာသည့် ဆိုင်ကယ်နှင့် မော်တော်ကားတို့ တိုက်မိပြီး ကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။







