ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် နှစ်ချီ စစ်ဘေးရှောင်နေရသည့် ကျေးရွာအချို့မှ စစ်ဘေးရှောင်များ နေရပ်ပြန်နေပြီဖြစ်ကြောင်း ယင်းရွာများမှ ဒေသခံများထံမှ သိရသည်။
ကံပေါက်တိုက်နယ်အတွင်းရှိ ဇာဒီကျေးရွာအုပ်စု၊ ဖားချောင်းကျေးရွာအုပ်စု၊ မင်းသားကျေးရွာအုပ်စုနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုတို့မှ ကျေးရွာအချို့သည် နှစ်ချီ၍ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပြီး ယခုအခါ စစ်ဘေးရှောင်အချို့ နေရပ်ပြန်နေကြပြီဖြစ်သည်။
ကံပေါက်ရေကန်တောင် တိုက်ပွဲဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရသည့် ဇာဒီရွာတွင် ပြီးခဲ့သည့် မေလမှစ၍ ရွာသားအချို့ ပြန်နေထိုင်နေကြကြောင်း ရွာသားများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ဇာဒီရွာတွင် ရွာသားများ စစ်ဘေးရှောင်နေရသည့် ကာလတစ်လျှောက်လုံး၌ နေအိမ်များ မီးရှို့ခြင်း၊ ကျေးရွာချင်းဆက် လမ်းပိုင်းများကို မြေတူးစက်ဖြင့် တူးဖော်ဖျက်ဆီးခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်။
“သင်္ကြန်အပြီး ပရိတ်ပဋ္ဌာန်းပွဲလုပ်တော့ လျှပ်စစ်မီးပြန်ရတယ်။ အဲဒီကနေ တဖြည်းဖြည်း ရွာသားတွေ ပြန်ဝင်လာတယ်။ လမ်းပိုင်းတွေ ဖျက်ထားတဲ့နေရာတွေတော့ လူသွားရအောင် ပြန်လုပ်ပေးတယ်။ ဆိုင်ကယ်ဆိုရင် မပြီး သွားရတယ်။ ကားသွားလို့မရဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
ဇာဒီရွာအထိသာ လျှပ်စစ်မီး ပြန်လည်တပ်ဆင်ပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ဒိုက်တကော်၊ ခေါင်ပြန်၊ ခရင်းချောင်း၊ ထွက်ဝရွာများကိုမူ လျှပ်စစ်မီး ပြန်လည်တပ်ဆင်ပေးခြင်း မရှိသေးကြောင်း ယင်းရွာသားများက ပြောပြသည်။
ယခုနှစ် မတ်လတွင် ဇာဒီရွာမှ စစ်ဘေးရှောင်များကို နေရပ်ပြန်နေကြရေးအတွက် စာရင်းပေး လက်မှတ်လာထိုးရန် စစ်အာဏာရှင်တပ်က ခေါ်ယူခဲ့ကြောင်း ရွာသားများက ဆိုသည်။ လက်ရှိတွင် ရွာသား သုံးပုံတစ်ပုံခန့် ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
သို့သော် စစ်ရေးပြင်းထန်ချိန်က ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို မရှင်းလင်းပေးသေးသဖြင့် ဥယျာဉ်ခြံအများစု လုပ်ငန်းခွင်မဝင်ရသေးဘဲ ပစ်ထားရဆဲဖြစ်ကြောင်း ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်က ဇာဒီကျေးရွာအုပ်စုအတွင်း လာရောက်နေရာမယူသော်လည်း ဇာဒီကျေးရွာအုပ်စုနှင့် ကံပေါက်ကျေးရွာအုပ်စုသို့ သွားသည့်လမ်းပေါ်ရှိ ကျေးရွာနှစ်ရွာ စစ်ဆေးရေးဂိတ်ကို ဆက်ဖွင့်ထားကာ ဇာဒီကျေးရွာအုပ်စုသို့ ကင်းလာလှည့်နေဆဲဖြစ်ကြောင်း ရွာသားများက ဆိုသည်။
ယင်းသို့ပင် ရန်ကုန်-ထားဝယ် ကားလမ်းပိုင်းတွင် ကားလမ်းပိတ်ရသည့်အထိ စစ်ရေးပြင်းထန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကားလမ်းမပေါ်ရှိ ကျေးရွာများနည်းတူ စစ်ဘေးရှောင်ခဲ့ရသည့် ကားလမ်းမ အနောက်ဘက်ရှိ မင်းသားကျေးရွာအုပ်စုနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုမှ ရွာသားအများစုလည်း နေရပ်ပြန်နေထိုင်နေကြပြီဖြစ်ကြောင်း ယင်းရွာသားများထံမှ သိရသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲအကြိုကာလ ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် စစ်ကြောင်းထိုးကာ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရပြီး စစ်ဘေးရှောင်နေရသည့် ဖားချောင်းကျေးရွာအုပ်စုမှ ရွာသားများလည်း နေရပ်ပြန်နေပြီဖြစ်ကြောင်း ယင်းရွာသားများထံမှ သိရသည်။
သို့သော် စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် ဖျက်ဆီးထားသည့် ကံပေါက်နှင့် ဖားချောင်း ကျေးရွာချင်းဆက်လမ်းကိုမူ ပြန်လည်ပြုပြင်ပေးခြင်းမရှိသဖြင့် သွားလာရေး အခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း ဖားချောင်းရွာသားများထံမှ သိရသည်။







