ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံ ၉၀ ကျော်ကို ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ပေးထားမှု ထိုင်း ပြန်ရုပ်သိမ်း

May 19, 2026

Ref: Khaosod, The Nation Thailand, The Thaiger

ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၉၀ ကျော်ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ပြုပေးနေသည့်အပေါ် ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရအဖွဲ့က ယနေ့ (မေလ ၁၉ ရက်) တွင် အတည်ပြုလိုက်သည်။

ထို့ကြောင့် ယခင်ခွင့်ပြုထားသော ဗီဇာကင်းလွတ်ခွင့်စနစ်ဟောင်းအတိုင်း ရက် ၃၀ သာ ပြန်လည်နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Surasak Phancharoenworakul က ပြောကြားသည်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် ခရီးသွားဗီဇာ ရက်ရှည်ရရှိနေမှုကို အခွင့်ကောင်းယူကာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်းများ များပြားလာခြင်းကြောင့် ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ ပေးနေမှုကို ပြန်လည်ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံများကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များနှင့် ပတ်သက်၍ နိုင်ငံအလိုက် ပြန်လည်စိစစ်ကာ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ မလေးရှားနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုခဲ့သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်လာခြင်းမရှိဘဲ (နယ်စပ်ဖြတ်ကျော်ခွင့်နှင့် လေကြောင်းလိုင်း) ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ၁၄ ရက်သာ ရရှိခဲ့သည်။