မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ဘူတာပိုင်းရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ မေလ ၁၈ရက် ညနေ ၄ နာရီခန့်က နှစ်ကရင်ကျေးရွာ၊ ဘူတာပိုင်းနေ အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး ဦးဇော်လွင်ကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ရာအိမ်မှူး အိမ်ရှေ့တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး သေနတ်သမားနှစ်ဦးက ဈေးဝယ် ဟန်ဆောင်ပြီး နေအိမ်သို့ ဝင်ရောက်ပြီး ပစ်ခတ်ကြောင်း ၎င်းတို့ ပြောဆိုသည်။
“သူ့အိမ်က စျေးဆိုင်ဖွင့်ထားတော့ လူစုံတယ်လေ။ သေနတ်သမားတွေကိုလည်း စျေးဝယ်တွေ အထင်နဲ့ပေါ့။ အဲဒီလူတွေက ဝင်သွားပြီးတော့ သေနတ်နဲ့ပစ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးသည် နားထင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။
ရာအိမ်မှူး၏ ရုပ်အလောင်းကို လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၁ ရက်ကလည်း လမိုင်းမြို့တွင် စစ်အာဏာရှင်တပ် ခလရ (၁၀၆) တပ်ရင်းက ဒုတပ်ရင်းမှူးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။







