မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ရေလုပ်သားများကို မကြာခဏ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှု ပြုလုပ်နေကြောင်း ရေလုပ်သားများနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
မိုးရာသီတွင် ငါးဖမ်းလုပ်ငန်းများ ရပ်နားကြသည့်အတွက် အစင်ကျေးရွာ၌ လာရောက်လုပ်ကိုင်နေကြသည့် ရေလုပ်သားများ နေရပ်ပြန်ကြသည့်အချိန်တွင် ပြည်သူ့စစ်အဖွဲ့က စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းကာ ဖမ်းဆီးငွေကြေးတောင်းခံနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကလည်း နေရပ်ပြန်ကြမည့် ရေလုပ်သား ၅၀ ဦးခန့်ကို ပြည်သူ့စစ်ခေါင်းဆောင် စောနိုင်ထွေးဆိုသူ ဦးဆောင်သည့်အဖွဲ့က ရေး-အစင်လမ်း၊ မွေးမြူရေးဇုန် စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။
ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသည့် ရေလုပ်သားများကို တစ်ညထိန်းသိမ်းထားပြီး မေလ ၁၅ ရက်နေ့တွင် တစ်ဦးလျှင် ကျပ်နှစ်သိန်းစီ တောင်းခံကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပြည်သူ့စစ်အဖွဲ့က အတော်သောင်းကျန်းနေတာ။ ဖမ်းဆီးပြီးရင် ငွေညှစ်တယ်၊ မပေးရင် စစ်မှုထမ်းပို့မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးစုံပါပဲ” ဟု အစင်ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးငွေကြေးတောင်းခံရသည့် ရေလုပ်သားများသည် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဘက်မှ ဖြစ်ပြီး အစင်ရေလုပ်ငန်းတွင် လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ်တွင် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ရေလုပ်ငန်းအပြင် ဥယျာဉ်ခြံလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်းများ လုပ်ကိုင်ကြပြီး လုပ်ငန်းအများစုတွင် အခြားဒေသမှ ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းလုပ်ကိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။







