ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ တကူရွာအုပ်စုကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

April 19, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ တိုက်ကမ်းကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၁၉ရက် နေ့လယ် ၁၂နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်ဆောင် ပျက်စီးသည့်အပြင် ဘုန်းကြီးကျောင်းမုခ်ဦး ဗုံးစထိမှန်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။

“ဘုန်းကြီးကျောင်းရှေ့က အိမ်တည့်တည့် ကျသွားတယ်။ အိမ်နှစ်ဆောင်လည်း ပျက်စီးသွားတယ်။ လူတွေက ခြံထဲသွားကြလို့ အိမ်မှာ မရှိလို့ ထိခိုက်မှု မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“(တော်လှန်ရေးတပ်တွေဘက်က) ဘာလှုပ်ရှားမှုမှ မရှိဘဲ အရပ်သားအိမ်ကို ကြဲတာ။ (စစ်အာဏာရှင်တပ်က) တော်တော်ကို ပြတ်ပြတ်သားသား လုပ်နေတဲ့ သဘောပါ။ ကိုယ့်ဘက်ကလည်း ပြတ်သားဖို့လိုလာပြီ”ဟု ၎င်းက ပြောသည်။

မတ်လ ၉ရက်တွင် စစ်အာဏာရှင်တပ်ကလည်း တကူကျေးရွာနှင့် အလယ်ပိုင်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် အရပ်သားသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။