ယခုမိုးရာသီ ဇွန်လလယ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသဖြင့် ထားဝယ်မြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရသည့် ကလေး ၁၀ ဝန်းကျင်ရှိကြောင်း မြို့ခံပရဟိတအသင်းအချို့၊ ထားဝယ်ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။
ထားဝယ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် ပြီးခဲ့သည့် မေလလယ်ဝန်းကျင်က စတင်ကာ ဖြစ်ပွားခဲ့ပြီး ယခုဇွန်လအထိ ၁၀ ဦးဝန်းကျင် ရှိနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင်မူ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ နည်းကြောင်း မြို့ခံသွေးလှူရှင် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
“မနှစ်က အခုလတွေဆို ကျွန်တော်တို့ သွေးရှာပေးနေရတာ လက်တောင်မလည်တဲ့အခြေအနေ။ အခုက တစ်ယောက်စ နှစ်ယောက်စပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ် မိုးရာသီအစဖြစ်သည့် မေလ တစ်လအတွင်းမှာပင် သွေးလွန်တုပ်ကွေး သံသယလူနာ ၂၀ ကျော်ရှိပြီး ရောဂါစစ်ဆေးတွေ့ရှိသူ ၁၄ ဦးအထိရှိခဲ့ကြောင်း မြို့ခံပရဟိတအသင်းအချို့၊ ထားဝယ်ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေး ဝန်ထမ်းတို့ထံမှ သိရသည်။
“ဒီနှစ်မိုးရာသီက မဖြစ်ဘူးလို့တော့မဟုတ်ဘူး၊ ဖြစ်နေကြတာပဲ။ မနှစ်ကလောက် အဖြစ် မများတာနဲ့ ပြင်းထန်ရောဂါ လက္ခဏာဖြစ်ပွားသူနည်းတာပါ” ဟု ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၅ ခု နှစ် မေလမှ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးနှင့် ဆက်စပ်ရောဂါများကြောင့် သေဆုံးသည့် ကလေးငယ် ကိုးဦးအထိရှိခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။
ယမန်နှစ်က သွေးလွန်တုပ်ကွေးနှင့် ဆက်စပ်ရောဂါကြောင့် သေဆုံးသည့် လေးငယ်များအနက် ကရပ်ပြင်မြောက်ရပ်ကွက် မူလတန်းကျောင်းက ကျောင်းသား သုံးဦးအထိ ပါဝင်ခဲ့သည်။
ထို့ကြောင့် ထားဝယ်မြို့ပေါ်ရှိ ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ခံ ပရဟိတအဖွဲ့များက စာသင်ကျောင်းများနှင့် ရေနှုတ်မြောင်း များတွင် အဘိဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းစသည့် သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းစဉ်များကို ယခုနှစ် မေလအစောပိုင်းကစပြီး ဆောင်ရွက်ခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။







