ထောင်ထဲမှာညတာတွေဟာရှည်လွန်းတယ်။ အထူးသဖြင့် နှစ်ဆန်းတစ်ရက်နေ့မရောက်ခင် သင်္ကြန်အတက် နေ့ ညလိုမျိုးပေါ့။ ဘယ်ခေတ်ရောက်ရောက် ဘယ်လိုအစိုးရမျိုးပဲတက်တက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရောက်တိုင်း အကျဉ်းသားတွေကို လွှတ်ပေးနေကျ။ မနက်ဖြန်လွှတ်မယ့်စာရင်းထဲ ကိုယ့်နာမည်လေးများ ပါလေမလား ဆိုတဲ့အတွေးနဲ့ မျှော်တလင့်လင့်။ စိုးတထင့်ထင့်။ ရင်တဖိုဖို။ တမှေးမှ မပျော်နိုင်အား။ ညဟာ မှောင်လွန်း၊ တိတ်လွန်းလှတယ်။ ပူလွန်း၊ ရှည်လွန်းလှတယ်။
ထောင်ထဲမှာတော့ အကျဉ်းသားတွေကို ဘယ်လိုလွှတ်လွှတ် “နိုင်ငံတော်ရတယ်”လို့ပဲပြောပါတယ်။
နိုင်ငံတော်ကို ကိုယ်ကရတာကိုဆိုလိုတာတော့မဟုတ်။ နိုင်ငံတော်အစိုးရက ကိုယ်ကျခံနေရတဲ့ ပြစ်ဒဏ်ကို တနည်းနည်းနဲ့ လျှော့ပေါ့ပေးတာ၊ အကြီးဆုံးအကျိုးကတော့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ပေးလိုက်တာ ပေါ့။ ဒါကိုပဲ “နိုင်ငံတော်ရတယ်”လို့ဆိုကြတာပါ။
အကျဉ်းသားတွေကိုပေးထားတဲ့ပြစ်ဒဏ်အားလုံးကိုကင်းလွတ်ခွင့်ပေးပြီး ထောင်ကနေ အပြီးလွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာပဲဖြစ်ဖြစ်၊ လက်ရှိပြစ်ဒဏ်ပေးခံရတဲ့အမှုမျိုးကို နောက်တစ်ကြိမ်ထပ်မံ မကျူးလွန်ဖို့နဲ့ ကျူးလွန်ရင် ထပ်မံကျူးလွန်တဲ့ပြစ်ဒဏ်အပြင် မူလပြစ်ဒဏ်က ကျခံရန်ကျန်ရှိနေသေးတဲ့ လက်ကျန်ကာလကိုပါ ထပ်ပေါင်းကျခံပါ့မယ်ဆိုတဲ့ ကတိခံ၀န်ချက်နဲ့လွှတ်ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပဲဖြစ်ဖြစ် ထောင်သားတွေအတွက်ကတော့ နိုင်ငံတော်ပါပဲ။
သာမန်အခြေအနေမှာထောင်သားတွေအမျှော်လင့်ဆုံးက ထောင်၀င်စာပါဆယ်ပါ။ (ပဒက်တွေမြို့ထဲ ၀င်လာပြီး စခ စခန်းတွေသိမ်း၊ ထောင်ကြီးဖွင့်ပေးလိုက်ပြီး အကျဉ်းသားတွေကို အားလုံးလွှတ်ပေး ဆိုတဲ့မျှော်လင့်ခြင်းမျိုးလည်းရှိခဲ့ကြတာပေါ့၊ တချို့လည်းခုထိ အဲဒီမျှော်လင့်ချက်နဲ့ပဲ နံရံကြားက ခက်ခဲတဲ့နေ့ရက်တွေကို ကြိုးစားဖြတ်ကျော်နေကြဆဲပေါ့)။
“ပုံးမှန်ဖို့အရေးကြီးတယ်သားရီး” ဆိုတဲ့ စကားက ထောင်ထဲမှာ အမှန်ဆုံးစကားပါ။ ထောင်၀င်စာပါဆယ်မရဘဲ ထောင်ကကျွေးတာစားပြီး နေနိုင်တယ်ဆိုတဲ့အကျဉ်းသားမျိုးကတော့ လက်ချိုးရေရင် တစ်ဖက်စာမပြည့်ပါ။ “အမေကမွေး၊ ထောင်ကကျွေး” ဆိုတဲ့ စကားကလည်း လက်တွေ့မှာ မမှန်ပါ။ ဒီလိုပြောလို့ “အိမ်ကပါဆယ် မပို့နိုင်တဲ့ အကျဉ်းသားတွေမှအများကြီး ဘယ်ကောင်မှ ငတ်မသေပါဘူးကွာ”လို့စောဒက တက်ကောင်း တက်နိုင် ပါတယ်။ ဒီအကြောင်းကို အခွင့်ကြုံမှ စာတစ်ပုဒ်သပ်သပ်ရေးပါဦးမယ်။
အဲ … အခါကြီးရက်ကြီးနီးလာြပီဆိုရင်တော့ ထောင်သားတွေမျှော်ကြတာ ပါဆယ်မဟုတ်ပါလေပြီ။ အကျဉ်းသားတွေ စုစု စုစု ပြောကြတဲ့စကား၀ိုင်းမှာ အကြောင်းအရာဟာ တစ်မျိုးတည်း။ နိုင်ငံတော်။ နိုင်ငံတော်ပေးတော့မယ်။ ဘယ်အမှုတွေပါနိုင်လောက်တယ်၊ ဘယ်အမှုတွေကျန်ခဲ့နိုင်လောက်တယ်၊ ဘယ်သူတွေပါသွားနိုင်တယ်၊ ဘယ်သူကဖြင့်ဒီတစ်ခေါက်မပါနိုင်သေးဘူး၊ ဘာကြောင့်လဲ။ ဘာညာ သာရကာ။
ဒီမှာထောင်ထဲက အခါကြီးရက်ကြီးဆိုတာကိုလည်း နည်းနည်းဖောက်သည်ချစရာရှိသေးတယ်။ သာမန်လူတွေအဖို့ သီတင်းကျွတ်လို၊ သင်္ကြန်လိုမျိုးကသာ အခါကြီးရက်ကြီးစာရင်းထဲရှိပေမယ့် ထောင်သားတွေရဲ့အခါကြီးရက်ကြီးစာရင်းကတော့ နည်းနည်းပိုရှည်တယ်။ နှစ်ဆန်းတစ်ရက်လိုမျိုး၊လွတ်လပ်ရေးနေ့လိုမျိုးရက်တွေကတော့ နံပါတ်တစ်ချိတ်တာပေါ့လေ။ ပြီးရင်တော့လာပါပြီ ကဆုန်လပြည့်၊ ၀ါဆိုလပြည့်၊ ၀ါခေါင်လပြည့်မေတ္တာအခါတော်နေ့။ တော်သလင်းကတော့သိပ်မမျှော်ကြ။ သီတင်းကျွတ်လပြည့်၊ တန်ဆောင်တိုင် တစ်ဆက်တည်းထပ်မျှော်ကြ။ ပြီးရင်တော့ တပေါင်းပေါ့။ ပြောကြသေးတယ် ဒီနှစ်တော့ (မအလ) ယတြာဘယ်လောက်ကောင်းကောင်း တပေါင်းမကျော်ပြီတဲ့။ ဒါက မြန်မာလတွေမှာမျှော်တာ။
အင်္ဂလိပ်နည်းနဲ့မျှော်ကြတာရှိသေးတယ်။ ဖေဖော်၀ါရီ ၁၂ မှာ ဆို ပြည်ထောင်စုနေ့လိုမျိုး၊ မတ်လ ၂၇ ရက်နေ့ တောင်သူလယ်သမားနေ့(တပ်မတော်နေ့)လိုမျိုး၊ မေလ ၁ ရက်နေ့အလုပ်သမားနေ့လိုမျိုး၊ ဇူလိုင် ၁၉ အာဇာနည်နေ့လိုမျိုး၊ ဒီဇင်ဘာ ခရစ်စမတ်နဲ့ သိုးဆောင်းနှစ်သစ်ကူး ဇန်န၀ါရီ ၁ ရက်နေ့လိုမျိုး။ ဒီလိုပဲ ပြည်တွင်း၊ ပြည်ပ အခါကြီး ရက်ကြီးတွေရောက်ခါနီးတိုင်း နိုင်ငံတော်အကြောင်း တီးတိုးသဖန်းပိုးကြ၊ ငြင်းကြ၊ ခုန်ကြ။ တချို့လည်း သူမှန် ငါမှန် ရန်ဖြစ်ကြ။
လူကြီးခရီးစဥ်ရှိလို့၊ (မအလ) အာဆီယံအစည်းအ၀ေးတက်ချင်လို့၊ ယူအန်(ကုလသမဂ္ဂ) အစည်းအ၀ေးရှိလို့ ဆိုတာမျိုးအစ၊ တရုတ်နိုင်ငံခြားရေး၀န်ကြီးလာလို့၊ ဘယ်လာရုသမ္မတကြီးလာလို့၊ ရုရှားခေါင်းဆောင်တွေ လာလို့အပြင်၊ အားကစားပွဲတော်ကြီးရှိလို့နဲ့ တရုတ်နှစ်သစ်ကူးတွေအထိပါ အခါကြီးရက်ကြီးစာရင်းထဲ ထည့်ပစ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ် နိုင်ငံတော်ကို မျှော်ကြလေသည်ပေါ့။
မျှော်တဲ့အဆင့်ပြီးသွားရင်တော့နောက်တစ်ဆင့်က “ရေ၀င်”တာ။ ဒါကလည်းထောင်ထဲမှာပြောကြတဲ့ စကားဆန်းတစ်ခု။ သာမန်အားဖြင့် ဒီစကားကို တောပိုင်းတွေမှာ မိုးဦးကျခါနီးရင်တော့ တစွန်းတစ ကြားဖူးတယ်။ နွေနှောင်းမှ သီးတဲ့အသီးတွေ မိုးဦးကျခါနီးမှမှည့်ကြတော့ မှည့်တဲ့အချိန်မိုးရွာတာနဲ့တိုးရင် အသီးထဲ ရေ၀င်၊ အရသာပျက်ပြီးစားလို့မကောင်း၊ ရောင်းတန်းမ၀င်တော့။ အထူးသဖြင့် ပိန္နဲသီးလို၊ ဒူးရင်းသီးလိုမျိုး နွေသီးတွေ။ ဆိုလိုတာက သုံးစားမရတဲ့၊ သာမန်အခြေအနေမဟုတ်တော့တာကို ရေ၀င်တယ်လို့ ညွှန်းတယ်လို့ နားလည်ရပါတယ်။
အဲ … ထောင်ထဲမှာတော့ အကျဉ်းသားတစ်ယောက် ”ရေ၀င်နေပြီ” လို့ပြောရင် ဒီကောင် ဂေါက်နေပြီ၊ ကြောင်နေပြီလို့ပြောတာပဲ။ နွေနှောင်းသီးတွေမိုးရေ၀င်ပြီး တန်းမ၀င်ဖြစ်သွားသလိုပေါ့။ ဒီမှာလည်း ထောင်သားတွေရေ၀င်ရတဲ့၊ ရေ၀င်ကြတဲ့ အကြောင်းတွေ အမျိုးမျိုးရှိကြသေးတယ်။ ရည်စားက ပလစ်ခံရတာ၊ မိန်းမက နောက်မီးလင်းသွားတာ၊ ဆေး(မူးယစ်ဆေး၀ါး)မရတာ၊ ထောင်၀င်စာပါဆယ် မမှန်တော့တာ။ နောက်ထပ် နောက်ထပ် အမျိုးမျိုးသောအကြောင်းတွေကြောင့် ရေ၀င်ကြတယ်။ ဒီထဲမှာ အများဆုံးနဲ့ အဆိုးဆုံး ရေက “နိုင်ငံတော်ရေ” ပဲ။
ရေ၀င်ရတဲ့အကြောင်းကြောင်းတွေထဲကနောက်တစ်ကြောင်းက “ရေသွင်း” ခံရလို့ပဲ။ “ဒီကောင်တော့ သူများရေသွင်းတာခံလိုက်ရပြီ”ဆိုတဲ့စကားမျိုး၊ “သူများကိုလျှောက်လျှောက်ရေလိုက်သွင်းမနေနဲ့” ဆိုတဲ့ စကားမျိုးတွေက နိုင်ငံတော်ပေးခါနီးရင်ကြားရနေကျစကားတွေ။
“ရွေးကောက်ပွဲလုပ်တော့မယ်”၊ “လက်နက်ကိုင်အဖွဲ့တွေကစစ်တပ်နဲ့ညှိကြတော့မယ်” ၊ “ပဒက်တွေ မြို့၀င်သိမ်းပြီးအကျဉ်းထောင်တွေဖွင့်ပေးတော့မယ်”၊ “ICC က မအလတို့ကို ၀င်ဖမ်းတော့မယ်”၊ “ထရမ့်က သူ့တပ်တွေကိုထိုင်း-မြန်မာနယ်စပ်ပို့လိုက်ပြီ”၊ “၁၀၂၇ က အပြီးပဲ”၊ “မအလ သာမဒဂျီးလုပ်တော့မယ်တဲ့” (သမ္မတကြီးဟုပြောင်းမဖတ်ရ) စသည်စသည်။ ဒါပေမယ့် ဒါတွေက ထောင်နံရံအပြင်က လာတဲ့ “အပြင်ရေ”တွေ။ တကယ့် တကယ် အခါကြီးရက်ကြီးရောက်လာရင် ကြောက်ဖို့လည်းကောင်းပြီး တခြားအမှုတွေအပါအ၀င် နိုင်ကျဉ်းအများစုပါ ၀င်ကြတာက “အတွင်းရေ”ပါ။
“ညက မိန်းဂျေးကကောင်တွေ မနက် ၃ နာရီမှအိပ်ဆောင်ထဲပြန်၀င်တာ”၊ “ညွှန်မှူးရုံးက နိုင်ကျဉ်းစာရင်းတွေ တောင်းနေတယ်”၊ “၅၀၅ တွေသီးသန့်တဲ့”၊ “ဒီတခေါက်တော့ ၅၂(က) တစ်လုံးတည်းသမားတွေ အကုန်ပါတော့မယ်တဲ့၊ အိပ်ဆောင်မှူးကိုယ်တိုင်ပြောတာ”၊ “၅၀(ည)သမားတွေပါ ၆-၁ ရမယ်တဲ့”၊ “ဘုရားများများရှိခိုးကြတဲ့၊အထာနဲ့ပြောသွားတာ၊ ညွှန်မှူးတန်းစီနေ့က” ၊ “သေချာပြီဟေ့၊ စျေးဘားမှာ တချို့လူတွေရဲ့ ပိုက်ဆံစာရင်းတွေဒီညအကုန်ရှင်းခိုင်းနေပြီ”။ ဒါမျိုးတွေကတော့ အတွင်းရေပေါ့။
“နိုင်ငံတော်တော့လုံး၀မမျှော်၊ ကိုယ့်လွတ်ရက်နဲ့ပဲ အိမ်ပြန်မယ်” ဒါမှမဟုတ် “သူတို့ပေးတဲ့နိုင်ငံတော်တော့ မလို၊ တော်လှန်ရေးအောင်ပွဲနဲ့ပဲအိမ်ပြန်မယ်” ဆိုတဲ့ ထောင်သားတွေ၊ နိုင်ကျဉ်းတွေလည်း မရှိမဟုတ်၊ ရှိကြပါရဲ့။ ဒါပေမယ့် နိုင်ငံတော်မမျှော်တဲ့ထောင်သားဆိုတာမျိုးက ရှာမှရှားပါ။ “ရေမ၀င်ဖူးတဲ့ ထောင်သားဆိုတာမျိုးကတော့ အကောင်ပဲ” ဆိုတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းသားတစ်ယောက် ထောင်က စောလွတ်ချင်တယ်ဆိုတာ အပြစ်မှ မဟုတ်တာပဲလေ။ ဘာအပြစ်မှ ကျူးလွန်မထားဘဲ မတရားဖမ်းဆီးထောင်ချခံထားကြရတဲ့ ခုလိုခေတ်ကြီးမှာ သာတောင်မှ ပြန်ချင်ကြသေး။
ဘယ်လိုအခါကြီးရက်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လိုရေပဲဆိုဆို၊ အကျဉ်းသားတစ်ယောက်အမျှော်လင့်ဆုံးနေ့ဟာ လွတ်မြောက်မယ့်ရက်ပဲဖြစ်တာကြောင့် အများစုကတော့ လွှတ်ပေးလောက်တဲ့ရက်နီးလာလေ ရင်ခုန်လေ၊ အိပ်မပျော်ဖြစ်ရလေပါပဲ။
စစ်တပ်ဟာ နိုင်ငံရေးအရ လုံး၀ ကျရှုံးနေတယ်။ အကြမ်းဖက်လွှတ်တော်က ကိုယ်တိုင်ခန့် စစ်ခေါင်းဆောင် သာမဒဟာ ပြည်တွင်းရော နိုင်ငံတကာကပါ သူ့ကို ထောက်ခံတာကို အသည်းအသန်လိုချင်နေတယ်။ ဒါ့ကြောင့်လည်း မျှော်လင့်ထားကြပြီးဖြစ်တဲ့လမ်းဟောင်းကြီးအတိုင်း ၂၀၂၀ ရွေးကောက်ခံ သမ္မတကြီး ဦး၀င်းမြင့်ကိုလွှတ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ် အသံတွေလွှင့် တယ်။ အကျဉ်းသားအားလုံး ခံစားခွင့်ရတယ်ဆိုပြီး သကာရည်လူးထားတဲ့ နိုင်ငံတော်လွတ်ငြိမ်း သက်သာ ခွင့် ပေးတယ်။ ထုံးစံအတိုင်း နိုင်ကျဉ်းတွေဟုတ်တိပတ်တိမပါကြ၊ လွတ်မလာကြ။
ထောင်ထဲမှာ တစ်ညတာကို ဖြတ်သန်းရတာရှည်လွန်းလှတယ်။ အထူးသဖြင့် ခုလိုပူတဲ့ရာသီမျိုးပေါ့။ သင်္ကြန်လိုအခါကြီးရက်ကြီးနီးလာရင် အကျဉ်းသားတွေအိပ်မပျော်နိုင်ကြ။ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်း မှာ ငါများပါလေမလားဆိုတဲ့မျှော်လင့်စိတ်ကလေးနဲ့ ရင်ခုန်ရ၊ မပါခဲ့ရင်ဆိုတဲ့စိတ်နဲ့ရင်ပူရ၊ ရေကောင်းကောင်းမချိုးကြရဘဲ နွေညပူပူမှာ အတွေးပူပူတွေနဲ့ရင်မောရ၊ မှောင်လွန်းတဲ့ည၊ ရှည်လွန်းတဲ့ည။
မောင်လေးငယ်







