ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၁၃ နှစ်အရွယ် ထားဝယ်သား ထိုင်းတောတွင်းခရီးကြမ်း ဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုရရှိ

June 13, 2026

ဆယ်ကျော်သက်အရွယ် ထားဝယ်သားကလေးငယ်တစ်ဦး ထိုင်းနိုင်ငံတွင်ကျင်းပသည့် တောတွင်းခရီးကြမ်း ဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း သိရသည်။

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာဇာတိဖြစ်သည့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဇော်ခန့်က ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်တွင် ဇွန်လ ၇ ရက်နေ့က ကျင်းပသည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်း၏ အုပ်ထိန်းသူက ပြောသည်။

အသက် ၁၅ နှစ်အောက် ကလေးများဝင်ရောက်ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲမှာ ၂၅ ကီလိုမီတာအကွာအဝေးကို ၃ နာရီအတွင်း ပန်းဝင်နိုင်ရန်မောင်းနှင်ရသည့် တောတွင်းခရီးကြမ်းပြိုင်ပွဲဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ထိုင်းနိုင်ငံသားကလေးငယ် ၁၅ ဦးနှင့်အတူ မောင်ပြည့်ဇော်ခန့်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အုပ်ထိန်းသူက ဆိုသည်။

အဲဒီပြိုင်ပွဲတွင် မောင်ပြည့်ဇော်ခန့်အပါအဝင် ကလေး ၄ ဦးသာ သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်ခဲ့ပြီး နောက်ထပ် ကလေးနှစ်ဦးက သတ်မှတ်ချိန်လွန်မှ ပန်းဝင်နိုင်ကာ ကျန်သည့်ပြိုင်ပွဲဝင်ကလေးများက ခရီးဆုံးသည်အထိ မပြိုင်နိုင်ကြကြောင်း ၎င်းက ပြောသည်။

“လမ်းကြမ်းလွန်းလို့ ကလေးတွေ မောင်းလို့မပြီးကြဘူး”ဟု အထက်ပါ အုပ်ထိန်းသူက ဆိုသည်။

အဆိုပါပြိုင်ပွဲကို ဖစ်ဘူရီမြို့ရှိ “ခေါင်ယိုင်”ဆိုင်ကယ်ဝါသနာရှင်များအသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ပထမဆုရသည့်အတွက် ဆုတံဆိပ်နဲ့ ဘတ်ငွေနှစ်ထောင်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

မောင်ပြည့်ဇော်ခန့်က အသက် ၁၅ နှစ်အောက် တောတွင်းခရီးကြမ်းပြိုင်ပွဲအပြင် အသက်ပြည့်ပြီးသူများပါ ဝင်ပြိုင်သည့် ပြိုင်ပွဲတွင်လည်း ဆိုင်ကယ်အစီးရေ ၃၀၀ ကျော်အနက် ၁၄၃ စီးမြောက် ပန်းဝင်နိုင်ခဲ့ကြောင်း အထက်ပါအုပ်ထိန်းသူက ဆိုသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင်နေထိုင်တဲ့ မောင်ပြည့်ဇော်ခန့်သည့် ထိုင်းနိုင်ငံတွင် ခုနစ်တန်းပညာကို သင်ယူနေပြီး အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ကတည်းက တောတွင်းခရီးကြမ်းဆိုင်ကယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။