ထားဝယ်-မြိတ်ကားလမ်းမပေါ်ရှိ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သား ငါးဦး ထွက်ပြေးသွားကြောင်း တံတားအနီးနေထိုင်သူများထံမှ သိရသည်။
ဇွန်လ ၁၅ ရက် ည ၁၀ နာရီခန့်တွင် အဆက်အသွယ်ပြတ်၍ ပျောက်ဆုံးသွားကြောင်း ဖြစ်စဉ်အား သိရှိသည့် တံတားအနီးတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။
“တံတားအနားက သူတို့ (စစ်အာဏာရှင်တပ်သား) သိမ်းထားတဲ့ သစ်စက်လုပ်တဲ့အိမ် သုံးထပ်တိုက်မှာနေတဲ့ စစ်သားငါးယောက် ပြန်မလာတော့တာ။ နောက်ကနေ လိုက်တော့မရှာဘူး။ အဲဒီညက တံတားကနေ သေနတ်တော့ ဆက်တိုက်ဖောက်တယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် ၂၀၂၅ ခုနှစ် မေလတွင် တံတားအနီးရှိ သစ်စက်ရှိသော သုံးထပ်တိုက်တစ်လုံးကို အဓမ္မသိမ်းယူခဲ့ကာ ယင်းတိုက်အိမ်တွင် စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီး (ပြည်သူ့စစ်) များ နေထိုင်ကြကြောင်း တံတားတည်ရှိသည့် ကျောက်ရပ်ရွာသားများက ဆိုသည်။
ထွက်ပြေးသွားသော စစ်အာဏာရှင်တပ်သားများ၏ နောက်ဆက်တွဲအခြေအနေကိုမူ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
စစ်အုပ်စုစိတ်ကြိုက်ဖွဲ့စည်းလိုက်သည့် စစ်အစိုးရ တက်လာပြီးနောက် ယခုနှစ် ဧပြီလမှစ၍ ပေါက်တိုင်းတံတားဂိတ်၌ စစ်ဆေးရေးတာဝန်ကို စစ်အုပ်စုလက်အောက်ခံ ရဲများက တာဝန်ယူပြီး ဂိတ်ပတ်ဝန်းကျင် ဘန်ကာများနှင့် အထက်ပါသုံးထပ်တိုက်တို့တွင်မူ စစ်အာဏာရှင်တပ်သားများက နေရာယူထားကြောင်း ရွာသားများနှင့် ခရီးသည်များထံမှ သိရသည်။
“ပြီးခဲ့တဲ့လက ပေါက်တိုင်းတံတားမှာ ရဲတွေက ခရီးသည်တွေကို အလေးပြုသေးတယ်။ အခုတော့ မပြုတော့ဘူး။ ဂိတ်မှာလည်း ဝါးလုံးနဲ့ အရံအတားတွေ အများကြီး ထပ်လုပ်ထားတယ်။ ဘန်ကာတွေမှာတော့ စစ်သားတွေပဲ နေတယ်” ဟု တံတားအား နေ့စဉ်ဖြတ်သန်းနေရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပေါက်တိုင်းတံတားသည် ထားဝယ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကိုလည်း မကြာခဏ ကြုံရလေ့ရှိသည့် စစ်အာဏာရှင်တပ် တပ်စွဲရာနေရာတစ်ခုဖြစ်သည်။







