ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယခုနှစ်အတွင်း လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်ရန် အင်ဒိုနီးရှား‌ မျှော်မှန်း

February 17, 2026

နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို ယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်ရန် မျှော်မှန်းထားကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အီတလီရေတပ်တွင် အသုံးပြုပြီးသား အဆိုပါ လေယာဉ်တင်သင်္ဘော ITS Giuseppe Garibaldi ဝယ်ယူမည့်လုပ်ငန်းစဉ်မှာ ဆောင်ရွက်ဆဲအဆင့်တွင်သာရှိသေးကြောင်း ၎င်းက ပြောသည်။

ဝယ်ယူရေးလုပ်ငန်းစဉ် ပြီးစီးလျှင် အီတလီရေတပ်မှ အနားပေးထားသည့် အဆိုပါ သင်္ဘောသည် အင်ဒိုနီးရှားရေတပ်၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်လာမည် ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် အင်ဒိုနီးရှားစစ်တပ် နှစ်ပတ်လည်နေ့ မတိုင်မီ အဆိုပါ လေယာဉ်တင်သင်္ဘောကို လက်ခံရရှိရန် မျှော်လင့်ထားကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် မူဟာမက်အလီက ပြောသည်။

“အင်ဒိုနီးရှားစစ်တပ် နှစ်ပတ်လည်နေ့ မတိုင်မီ အင်ဒိုနီးရှားကို ဒီလေယာဉ်တင်သင်္ဘော ရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်္ဘောကို တည်ဆောက်ခဲ့သည့် အီတလီသင်္ဘောကျင်းကုမ္ပဏီ Fincantieri နှင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနအကြား ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

အီတလီရေတပ်နှင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနအကြား ဆွေးနွေးမှုများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောကို အဓိကအားဖြင့် တိုက်ခိုက်ရေးမဟုတ်သည့် စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးထန်ဂူက ဆိုသည်။

သဘာဝဘေးအန္တရာယ်ကဲ့သို့ အရေးပေါ်အခြေအနေများတွင် လူနာနှင့် ဒုက္ခသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းများမှာ ယင်းလုပ်ငန်းတွင် အကျုံးဝင်ကြောင်း ဗိုလ်မှူးကြီးထန်ဂူက ဆိုသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောသည် ထောက်ပံ့ရေးပစ္စည်း အမြောက်အမြား သယ်ဆောင်နိုင်ခြင်း၊ ခရီးဝေးသွားလာနိုင်ခြင်းနှင့် သင်္ဘောပေါ်တွင် ပြည့်စုံသော အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထားခြင်းတို့ကြောင့် အဆိုပါ လုပ်ငန်းစဉ်များအတွက် များစွာသင့်လျော်ကြောင်း ၎င်းက ပြောသည်။

လိုအပ်လျှင် အဆိုပါ စစ်သင်္ဘောကို တိုက်ပွဲဝင်စစ်ဆင်ရေးများတွင် အသုံးပြုရန်အတွက်လည်း အင်ဒိုနီးရှားရေတပ်က ချန်လှပ်ထားခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောကို ရရှိရန်အတွက် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနဘက်က မည်မျှပေးချေရမည်ဆိုသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Source: The Straits Times ၊ Antara news agency