ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ထိန်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် ဒေသခံအမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ထိန်ကြီးကျေးရွာသို့ ဇူလိုင်လ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။
စစ်ကြောင်းထိုးလာချိန် လမ်းတွင်တွေ့ရှိသည့် အမျိုးသားများကို လူသားဒိုင်းသဖွယ် စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာကြောင်း ထိန်ကြီးရွာသားတစ်ဦးက ဆိုသည်။
“လမ်းမှတွေလို့ ဖမ်းလာတဲ့သူတွေထဲ မြို့ဟောင်းရွာသားတစ်ဦးပါတယ်။ နောက် အိမ်အမိုး မိုးနေတဲ့ ထိန်ကြီးရွာသားတစ်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တပ်စွဲထားသည့် တပ်ဖွဲ့က စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းသည် ဖမ်းဆီးလာသည့်ဒေသခံအမျိုးသား ကိုးဦးကို ဇူလိုင်လ ၁၅ ရက် ညနေ ၅နာရီတွင် ပြန်လွှတ်ခဲ့ပြီး ယင်းနေ့ ညသန်းခေါင်တွင်ပင် ထိန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဇူလိုင်လ ၁၆ရက် နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းမှာ နဘုလယ်ဒေသတွင် တပ်ဖျောက်ထားသဖြင့် စိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။
ယင်းအပြင် ဇူလိုင်လ ၉ ရက်မှ စတင်ကာ ထိန်ကြီးကျေးရွာ အရှေ့မြောက်ဘက် အဖြောင့်တိုင်းလျှင် နှစ်မိုင်ခန့်အကွာရှိ ခမောင်းချောင်း၊ ဧကနိ စသည့် ကျေးရွာများဘက်သို့ အင်အားရာနှင့်ချီဖြင့် ရေဖြူမြို့ဘက်က လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းလည်း ဝင်ရောက်နေသည်။
အဆိုပါစစ်ကြောင်းသည်လည်း လမ်းတွင်တွေ့ရှိသည့် ခရီးသည်တင်ကား ကားသမားများနှင့် ဒေသခံအချို့ကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ထားပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းခွဲကာ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်၏ ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက တနင်္သာရီတိုင်း ခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း လုံခြုံရေးအတွက် နယ်မြေရှင်းလင်းမည်ဟု ပြောဆိုပြီးနောက် စစ်အာဏာရှင်တပ် အင်အား ထောင်ဂဏန်းဖြင့် စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။







