ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်-လောင်းလုံး ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီးကို စစ်အာဏာရှင်တပ် ဖမ်းဆီး

July 16, 2026

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ် အောက်ဘက်ပိုင်းကျေးရွာများကို ပြေးဆွဲနေသည့် ခရီးသည်တင်ကားတစ်စီးနှင့် ကားမောင်းသမားကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ခရီးသည် ၂၀ ခန့် ဆံ့သည့် Toyota အမျိုးအစား မှန်လုံခရီးသည်တင် ကားတစ်စီးကို ထားဝယ်မြို့ဝင်စစ်ဆေးရေးဂိတ် (ကမြောကင်းတံတားစစ်ဆေးရေးဂိတ်) အနီး ထားဝယ်မြို့ထဲရှိ မြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် စစ်အာဏာရှင်တပ်သားများ ဝိုင်းဝန်းစစ်ဆေးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

“ကားပေါ်မှာ ခရီးသည်တွေတော့ မတွေ့ရဘူး။ ပစ္စည်းတွေအပြည့်ပဲ တင်ထားတာ။ ကားဘေးမှာလည်း လူတစ်ယောက်ကို လက်ထိပ်ခတ်ထားတာ တွေ့တယ်။ ကားသမားလားမသိဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ခရီးသည်တင်ကားမှာ ထားဝယ်မြို့ထဲတွင် ကုန်ပစ္စည်းနှင့် ခရီးသည်များကို တင်ဆောင်ပြီး လောင်းလုံးမြို့ဘက်သို့ ဆင်းလာချိန် ထားဝယ်မြစ်ကူးတံတား (ကမြောကင်းတံတား) ပေါ် မဖြတ်ခင် စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch ၏ စုံစမ်းမေးမြန်းမှုတို့အရ ဖမ်းဆီးခံလိုက်ရသည့်ကားမှာ ထားဝယ်မြို့နှင့် လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများကို ခရီးသည်နှင့် ကုန်ပစ္စည်းများ သယ်ပို့ကာ နေ့စဉ်ပြေးဆွဲနေသည့်ကားဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရသေးပေ။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်အထိ မေးမြန်းချက်အရ ကားရော၊ ကားသမားပါ ပြန်မလွတ်လာသေးကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူ့တို့အိမ်ကလူတွေတော့ တက်လိုက်သွားကြတယ်။ အခုထိတော့ ကားရော၊ လူရော (အိမ်ကို) မရောက်လာသေးဘူး” ဟု ၎င်းက ဆိုသည်။

ထားဝယ်-လောင်းလုံး သွားလမ်းပိုင်းရှိ လောင်းလုံးမြို့မရဲစခန်းရှိ စစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တို့တွင် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် စစ်အာဏာရှင်တပ်က ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဆီပေပါ (စက်သုံးဆီ) တင်လည်း ဖမ်းတယ်၊ ဆန်တင်လည်း ဖမ်းတယ်၊ အခုနောက်ဆုံး အရက်ဖာတွေပါ ဘာမှတင်လို့မရတော့ဘူး။ တင်လာရင် (ကမြောကင်းတံတား) စစ်ဆေးရေးဂိတ်မှာ အကုန်ဆွဲချတယ်” ဟု ကားသမားများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့က တနင်္သာရီတိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် ဦးဆောင်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီးနောက်ပိုင်း တိုင်းအတွင်း ပြေးဆွဲနေသည့် ခရီးသည်ကား၊ ကုန်တင်ကားများကို စစ်ဆေးတင်းကျပ်လာခဲ့သည်။

ထိုသို့ စစ်ဆေးတင်းကျပ်နေသဖြင့် ထိုင်းနယ်စပ်မှ ထားဝယ်မြို့ဘက်သို့ ကုန်ပစ္စည်းသယ်ယူရန် အခက်အခဲ ဖြစ်နေကြသည်။ ထိုနောက် ယခုကဲ့သို့ ထားဝယ်-လောင်းလုံး ပြေးဆွဲနေသည့် ခရီးသည်နှင့် ကုန်ပစ္စည်းတင်ကား ဖမ်းဆီးခံရသည့်ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။