ထားဝယ်မြို့လယ်တွင်တည်ရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဆောင်၏ အောက်ထပ်မျက်နှာကြက် ပြိုကျခဲ့ကြောင်း မြို့ခံများနှင့် ကျောင်းသားမိဘများထံမှ စုံစမ်းသိရှိရသည်။
ယင်းကျောင်းမှာ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း သစ်သားနှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အောက်ထပ်မျက်နှာကြက်မှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ်သည်။
ကျောင်းဆောင်မျက်နှာကြက် ပြိုကျမှုကြောင့် အောက်ထပ်တွင်ရှိသော KG အခန်း B မှ ကျောင်းသားကလေးငယ်နှစ်ဦး ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်မျက်နှာကြက်ကိုလည်း ယခု ဇွန်လ ဒုတိယပတ်၏ ကျောင်းပိတ်ရက်တွင် ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးနောက် ကျောင်းသူကျောင်းသားများ ဇွန်လ ၁၅ ရက် ကျောင်းဖွင့်ရက်မှစ၍ ယင်းအခန်းတွင် ပုံမှန်ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်း အဆောက်အအုံကို ၁၉၁၆ ခုနှစ် အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကျောင်းတည်ထောင်ခြင်း နှစ်ပေါင်း ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပခဲ့သည်။
ထားဝယ်မြို့လယ်ခေါင်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းနေရာသည် ကိုလိုနီခေတ်ကာလဖြစ်သည့် ၁၈ ရာစုအစပိုင်းတွင် ထားဝယ်နှင့် မြိတ်ဒေသကို အုပ်ချုပ်သည့် အင်္ဂလိပ်အုပ်ချုပ်ရေးအရာရှိ (A.D.Maingy) ရုံးစိုက်ရာနေရာဖြစ်ခြင်းကြောင့် ထားဝယ်ဒေသတွင် ယခုအချိန်ထိလည်း မန်းဂီးဝမ်းဟု ခေါ်ဆိုနေကြသေးသည်။







