တစ်ကျော့ပြန် ထိုင်းတောင်ပိုင်း မြေသားတံတား စီမံကိန်း (အပိုင်း ၂)
လူမှုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု
လန်းဘရစ်စီမံကိန်းနဲ့ ဆက်စပ်လို့ မဖြစ်မနေ ထည့်စဉ်းစားရမှာကတော့ သဘာဝပတ်ဝန်းကျင် အရေးပါပဲ။ ထိုင်းအစိုးရဟာ စီမံကိန်းဧရိယာမှာ သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် လေ့လာမှုတွေ မလုပ်ရသေးပါဘူး။ စီမံကိန်းအတွက် အဆိုပြုထားတဲ့ အဆောက်အအုံတွေအတွက် မြေနေရာ အမြောက်အမြား ရှင်းလင်းရမှာဖြစ်လို့ သစ်တောပြုန်းတီးတာ၊ ဒီရေတောနဲ့ အမြဲစိမ်းတောတွေလို ထိရှလွယ်တဲ့ ဂေဟစနစ်တွေ ပျက်စီးတာမျိုး ဖြစ်လာနိုင်ပါတယ်။
စီမံကိန်းနေရာဟာ ရှားပါးငှက်မျိုးစိတ်တွေ အပါအဝင် မျိုးစုံလှတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေ နေထိုင်ရာ ဒေသလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေ များလာတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ များလာတာကြောင့် ရနောင်း ဇီဝနယ်မြေ ဘေးမဲ့တော အနီးက ရေဝပ်ဒေသလို နေရာတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ရေရှည်ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
လန်းဘရစ် စီမံကိန်းအရ အန်ဒမန်ပင်လယ်ဘက်မှာ အောင်အန်းပင်လယ်အော် (Ao Ang) ရဲ့ ရေပြင်နေရာအချို့ကို မြေဖို့ပြီး ဧက ၂၇၀၀ ကျော် ကျယ်ဝန်းတဲ့ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဧရိယာဟာ သမားရိုးကျ တံငါသည် ရာပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်း နေရာ ဖြစ်နေပါတယ်။ ဒီတံငါတွေဟာ သူတို့ရဲ့ နိစ္စဓူဝ ဘဝရှင်သန်ရေးအတွက် ဂဏန်းဖမ်းခြင်း၊ ငါးဖမ်းခြင်း အစရှိတဲ့ အလုပ်တွေနဲ့ ရပ်တည်နေရတာ ဖြစ်လို့ ဒီရေပြင်ဧရိယာဟာ သူတို့အတွက် အသက်သွေးကြောပါပဲ။
ရနောင်းဒေသမှာ နိုင်ငံမဲ့ လူပေါင်း ၅၀၀၀ ကျော် နေထိုင်ကြပါတယ်။ ဒီလူတွေဟာ ထိုင်းနိုင်ငံနဲ့ ယဉ်ကျေးမှုအရ အခိုင်အမာ ဆက်နွယ်နေပေမဲ့ ထိုင်း-မြန်မာ နယ်စပ်ဧရိယာမှာ မွေးဖွားခဲ့တဲ့အတွက် ထိုင်းနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသူတွေပါ။ ခရိုင်ပြင်ပကို ကျော်လွန်ပြီး သွားလာခွင့် မရှိ၊ အလုပ်အကိုင် ရှာဖွေခွင့်လည်း မရှိပါဘူး။ ဒီနိုင်ငံမဲ့တွေထဲက အများစုဟာ အောင်အန်းရေပြင်ကို အမှီပြုပြီး အသက်မွေးသူတွေဖြစ်တဲ့အတွက် ကုန်းတွင်းတံတားစီမံကိန်းနဲ့ ဆက်စပ်ပြီး ထိလွယ်ရှလွယ် အဖြစ်ဆုံး အသိုင်းအဝိုင်းထဲမှာ သူတို့လည်း ပါနေပါတယ်။
စီမံကိန်းအရ ရနောင်းကနေ ချုံဖွန်ထိ သွားတဲ့ လမ်းကြောင်းမှာ ငြိနေတဲ့ နောက်တစ်နေရာကတော့ ဖတိုးခရိုင်ထဲက လမ်းကြောဖြစ်ပါတယ်။ ချုံဖွန်ဟာ ဒူးရင်းထုတ်လုပ်ရေး ဗဟိုချက်မ နေရာတစ်ခုလည်း ဖြစ်နေတဲ့အတွက် ဒီလမ်းကြောတလျှောက်မှာ ရှိတဲ့ ဒူးရင်းစိုက်တောင်သူ အများအပြားကလည်း ဒီစီမံကိန်းကို မလိုလားကြပါဘူး။
ဒီလိုအချက်တွေကြောင့် ရနောင်းနဲ့ ချုံဖွန်ဒေသခံတွေဟာ ဒီစီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ ထိုင်းအစိုးရဘက်က ပွင့်လင်းမြင်သာမှု အားနည်းချက်တွေကြောင့်လည်း တက်ကြွလှုပ်ရှားသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တကယ်တမ်း အလေးအနက် စဉ်းစားရဲ့လား၊ အစိုးရအနေနဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ဦးစားပေးနေသလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။
ဝေဖန်သူတွေကတော့ သဘာဝ ဂေဟစနစ်ဆိုင်ရာ လေ့လာမှုတွေမှာ အစိုးရရဲ့ ပံ့ပိုးမှုဟာ ဟာကွက်တွေ အများကြီးရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်တာ၊ ကာကွယ်ရေး အစီအစဉ်တွေ လုပ်တာနဲ့ နစ်နာသူတွေကို လျော်ကြေးပေးတာတွေဟာ ကုန်ကျစရိတ် အလွန်များတဲ့ လုပ်ငန်းစဉ်တွေပါ။ အစီအစဉ်ဆွဲတဲ့နေရာမှာ ပတ်ဝန်းကျင် ကာကွယ်ရေးကို အလေးထားဆောင်ရွက်တာမျိုး မရှိရင် ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြားက မျှခြေဟာ စီးပွားရေးဘက်ကိုပဲ အလေးသာသွားမှာ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း စီးပွားရေး ချွတ်ခြုံကျနေတဲ့ ရနောင်းကို ဆွဲတင်ဖို့အတွက် ဒီစီမံကိန်းဟာ မရှိမဖြစ် လိုအပ်တယ်လို့ စီးပွားရေးသမားတချို့က ယူဆကြပါတယ်။ ရနောင်းဟာ ဆိပ်ကမ်းမြို့ ဖြစ်တဲ့အတွက် ဒီစီမံကိန်းဟာ အထူးသင့်တော်သလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးက တစ်ဆင့် နိုင်ငံတကာ အဆင့်အထိ တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါတွေမလုပ်ရင် ရနောင်းဟာ အခုအတိုင်း ဒုံရင်းပဲ ရှိနေဦးမယ်လို့ သူတို့က ယူဆပါတယ်။
ပထဝီနိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ
ထိုင်းနိုင်ငံရဲ့ ကုန်းမြေတံတား စီမံကိန်းဟာ ဒေသတွင်းဖွံ့ဖြိုးရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာဖို့ အခွင့်အလမ်းတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများကြီးပါ။ ဒီစီမံကိန်းဟာ ရေနက်ဆိပ်ကမ်းတွေ၊ ကုန်းတွင်းလမ်းကြောင်းတွေ သုံးပြီး အန်ဒမန်ပင်လယ်ကို ထိုင်းပင်လယ်ကွေ့နဲ့ ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်မှာပါ။
မြန်မာနိုင်ငံက ထားဝယ်ဆိပ်ကမ်းဟာလည်း ဒေသတွင်း ဗဟိုချက်ဖြစ်လာနိုင်တဲ့ အလားအလာရှိပေမဲ့ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းရဲ့ စီမံကိန်းက ပိုပြီး အရေးပါလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ပထဝီနိုင်ငံရေး အခြေအနေကြောင့် ဒီရည်မှန်းချက်ဟာ ပိုပြီး ရှုပ်ထွေးလာပါတယ်။
တရုတ်နိုင်ငံဟာ လန်းဘရစ်အပေါ် စိတ်ဝင်စားမှု ပြထားပါတယ်။ အမေရိကန်ရေတပ်အင်အား ကြီးကြီးမားမား လွှမ်းခြုံထားတဲ့ မလက္ကာရေလက်ကြား နေရာမှာ အစားထိုးလမ်းကြောင်း ရနိုင်မှာ ဖြစ်လို့ပါ။ ဒါဟာ တရုတ်အတွက် မလက္ကာ အကျပ်အတည်းကို ဖြေရှင်းရာ ရောက်ပါတယ်။ တရုတ်ပြည်တောင်ပိုင်းက ကုန်စည်တွေကို လာအို၊ ထိုင်းက ရနောင်းနဲ့ ချုံဖွန် ရေနက်ဆိပ်ကမ်းတွေ ကတစ်ဆင့် လမ်းကြောင်းပြောင်း သယ်ပို့နိုင်ရင် တရုတ်အနေနဲ့ အငြင်းပွားရေပြင်တွေကို ဂရုစိုက်စရာ မလိုသလို ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ ပင်လယ်ဓားပြဖြစ်စဉ်တွေကြောင့် ကုန်သွယ်ရေး ပြတ်တောက်မှု အန္တရာယ်ကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ စီးပွားရေး အခြေအနေနဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုပြီး ရွေးချယ်စိစစ်လာတဲ့ အလေ့အထကြောင့် ဒီစီမံကိန်းကို တကယ်ပဲ ငွေပုံအော ထည့်ဝင်ပါ့မလားဆိုတာ သံသယရှိစရာပါ။ ကမ္ဘောဒီးယားက ဖူနန်တီချို တူးမြောင်းစီမံကိန်းမှာ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံဖို့ သိပ်ပြီး စိတ်အားထက်သန်မှု မပြတာကို ကြည့်ရင် တရုတ်ရဲ့ ပြည်ပစီမံကိန်းတွေအပေါ် သတိထားမှုကို မြင်နိုင်ပါတယ်။
တရုတ်အပေါ် အလွန်အမင်း မှီခိုရမှာကို စိုးရိမ်တဲ့အတွက် ထိုင်းအစိုးရဟာ ဘဏ္ဍာရေး အရင်းအမြစ်တွေကို နေရာစုံက ရှာဖွေနေပါတယ်။ ဆော်ဒီအာရေဗျနဲ့ ဆွေးနွေးတာ၊ ဒူဘိုင်းဆိပ်ကမ်း လုပ်ငန်းစုနဲ့ ချိတ်ဆက်တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အရမ်းကြီးလွန်းတော့ ထိုင်းအနေနဲ့ သိပ်ချေးများနေလို့ ရပါ့မလားဆိုတာက မေးခွန်းထုတ်စရာပါ။
တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာနဲ့ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ ဩဇာကြီးထွားလာတာကို စိုးရိမ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဆိပ်ကမ်းမှာ တရုတ် ပါဝင်လာတာဟာ အိန္ဒိယအတွက် စိုးရိမ်စရာပါ။ ထိုင်းရဲ့ လန်းဘရစ် စီမံကိန်းဟာ အိန္ဒိယကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ တရုတ် မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းလို့ အိန္ဒိယက မြင်နိုင်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဒေလီဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို အကောင်အထည်ဖော်ပါတယ်။ အန်ဒမန်ပင်လယ်နဲ့ နီကိုဘာကျွန်းစုတွေမှာလည်း ရေတပ်အင်အား တိုးချဲ့ပါတယ်။
ဒါပေမဲ့ အိန္ဒိယဟာ လန်းဘရစ်ကို လုံးလုံးလျားလျား ဆန့်ကျင်တာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ ဒီစီမံကိန်းမှာ စိတ်ပါဝင်စားမှု ပြထားပါတယ်။ ဒါဟာ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရင်း တရုတ်လွှမ်းမိုးမှုကိုပါ တန်ပြန်ထိန်းညှိဖို့ ရည်ရွယ်တဲ့ သဘောကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။ ဒီအနေအထားက အရှေ့တောင်အာရှမှာ အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှုကို မြင်သာစေပြီး ထိုင်းအနေနဲ့လည်း တရုတ်နဲ့ အိန္ဒိယကြားမှာ ဆက်ဆံရေးကို ဟန်ချက်ညီညီ ထိန်းညှိဖို့ အရေးကြီးလာပါတယ်။
ဒီလို အင်အားကြီးနိုင်ငံတွေကြားမှာ မျှခြေညှိရတာဟာ ထိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ဒီစီမံကိန်းကို တရုတ်ရဲ့ ဩဇာချဲ့ထွင်မှုလို့ မြင်လာရင် ထိုင်းရဲ့ ကြားနေမူဝါဒဟာ ဘေးကျပ်နံကျပ် ဖြစ်သွားနိုင်ပါတယ်။ ထိုင်းအနေနဲ့ ဒီစီမံကိန်းကို အာဆီယံတစ်ခုလုံးအတွက် အကျိုးရှိစေမယ့် ဒေသတွင်း အခြေခံအဆောက်အဦ တစ်ခုအဖြစ် ပုံဖော်ဖို့ လိုအပ်ပါတယ်။
ဒေသတွင်း ပြိုင်ဆိုင်မှု အခြေအနေ
လန်းဘရစ်စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် ရင်းမြစ်အမျိုးမျိုးနဲ့ မိတ်ဖက်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ တစ်ချိန်တည်းမှာပဲ ဒေသတွင်း ပြိုင်ဆိုင်မှုကလည်း မသေးလှပါဘူး။ လန်းဘရစ်ဟာ မလက္ကာရေလက်ကြားကို တချို့တဝက် အစားထိုးနိုင်မယ့် အစီအစဉ် ဆိုပေမယ့် အနီးအနားက ဆိပ်ကမ်းတွေကိုလည်း ခေါင်းထဲမထည့်လို့တော့ မရပါဘူး။
စင်္ကာပူရဲ့ တူဝေါ့စ် ဆိပ်ကမ်းဟာ စက်နဲ့ အလိုအလျောက် စီမံခန့်ခွဲတဲ့ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းကြီး ဖြစ်လာဖို့ တာစူနေပါပြီ။ စင်္ကာပူဟာ ကုန်သင်္ဘော ဖြတ်သန်းသွားလာရေး စီမံခန့်ခွဲမှုနဲ့ ဆိပ်ကမ်းရှင်းလင်းရေးလို ကဏ္ဍမျိုးကို ထိထိရောက်ရောက် လည်ပတ်ဖို့အတွက် ဒီဂျစ်တယ်နဲ့ အေအိုင်နည်းပညာတွေကို ပူးပေါင်းအသုံးပြုဖို့ ကြိုးစားနေပါတယ်။ ဒါတွေ အပြည့်အဝ လည်ပတ်ပြီဆိုရင် တူဝေါ့စ်မှာ ပေ ၂၀ ဆိုဒ်ကွန်တိန်နာ အလုံးရေ ၆၅ သန်းအထိ လက်ခံပြီး ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မလေးရှားကလည်း ပေါ့ကလန်းဆိပ်ကမ်းကို ချဲ့ထွင်ဖို့ ပြင်နေပါတယ်။ လက်ရှိ ကွန်တိန်နာ ၁၄ သန်း လက်ခံနိုင်တဲ့ ပမာဏကို ၂၇ သန်းအထိ တိုးချဲ့ဖို့ လုပ်နေတာပါ။ ဒါတွေနဲ့ယှဉ်ရင် ထိုင်းရဲ့ ရနောင်းနဲ့ ချုံဖွန်ဆိပ်ကမ်းတွေရဲ့ ပမာဏဟာ သေးငယ်နေပါသေးတယ်။ ရနောင်းရဲ့ လက်ခံနိုင်စွမ်း ၁၉.၄ သန်း၊ ချုံဖွန်မှာ လက်ခံနိုင်စွမ်းက ၁၃.၈ သန်းဟာ အလွန်ဆုံးပါပဲ။
သင်္ဘောလိုင်းတွေဟာ စင်ကာပူရဲ့ တည်ငြိမ်မှု၊ ယုံကြည်စိတ်ချရမှုနဲ့ ဘဏ္ဍာရေး၊ အာမခံ၊ သင်္ဘောပြင်ဆင်ရေး စတဲ့ ဝန်ဆောင်မှုတွေကို ပိုပြီး သဘောကျကြပါတယ်။ ထိုင်းရဲ့ စီမံကိန်းဟာ လမ်းကြောင်းတိုပြီး စျေးပိုချိုနိုင်ပါတယ်။ ဒါပေမဲ့ စင်ကာပူဆိပ်ကမ်းရဲ့ အထိုင်ကျပြီးသား ဝန်ဆောင်မှုတွေကိုတော့ ယှဉ်ဖို့ ခက်ပါလိမ့်မယ်။
ဒါကြောင့် ထိုင်းအနေနဲ့ စင်ကာပူတို့ မလေးရှားတို့နဲ့ တိုက်ရိုက်ပြိုင်မယ့်အစား ရှိရင်းစွဲ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဥပမာ – လက်ရှိ ရနောင်းဆိပ်ကမ်းကိုပဲ ခေတ်မီနည်းပညာတွေ၊ ပိုနက်တဲ့ ဆိပ်ကမ်းမြေနေရာတွေနဲ့ အဆင့်မြှင့်တင်ရင် တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းအတွက် တံခါးပေါက် ဖြစ်လာနိုင်ပါတယ်။ ရနောင်းနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ ရထားလမ်းတွေကို ထိုင်းနိုင်ငံရဲ့ ပင်မ စီးပွားရေး ဆုံရပ်တွေနဲ့ ချိတ်ဆက်နိုင်အောင် အဆင့်မြှင့်ခြင်း အားဖြင့်လည်း လန်းဘရစ်စီမံကိန်းရဲ့ ရည်မှန်ချက်တွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ရှိရင်းစွဲနေရာတွေကို အဆင့်မြှင့်တင်တာဟာ မြေသားတံတားစီမံကိန်းလို ငွေကြေးအလုံးအရင်း ရင်းနှီးမြှုပ်နှံစရာ မလိုတဲ့အတွက် ကုန်ကျစရိတ် သက်သာသလို နိုင်ငံတစ်နိုင်ငံတည်းအပေါ် မှီခိုရတာမျိုးကိုလည်း လျော့နည်းစေပါလိမ့်မယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်အဝ ရရှိမှာ ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျှော့ချနိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ဘေးကင်းပြီး အကျိုးရှိမယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း
- Rethink the Land Bridge, Editorial, BANGKOK POST
- Thailand’s Land Bridge: Navigating Geopolitical and Investor Concerns by Eugene Mark, ISEAS
- The $29-Billion Shortcut: Thailand’s Land Bridge Project Fuels Hopes and Fears, PULITZER CENTER
- Why is Thailand’s landbridge project going nowhere? THAI PBS WORLD







