အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခကြားမှာ အီရန်နဲ့ အိန္ဒိယရဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် စမ်းသပ်ခံနေရပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်က ယူအေအီး ရေနံဆိပ်ကမ်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းမှာ မီးလောင်ကျွမ်းခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး “အရပ်သားတွေနဲ့ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတာဟာ လက်ခံနိုင်စရာ မရှိဘူး” လို့ X လူမှုကွန်ရက်မှာ တက်ရေးပါတယ်။
ဒါတွေမဖြစ်ခင် နှစ်ပတ်အလိုကလည်း အီရန်ဟာ ဟော်မုဇ်ရေလက်ကြားထဲက အိန္ဒိယအလံတင် သင်္ဘောနှစ်စင်းကို ပစ်ခတ်ခဲ့ပါသေးတယ်။ ရေလမ်းကြောင်း ပြန်ဖွင့်ပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး မကြာခင်မှာပဲ ဒီလို တိုက်ခိုက်ခဲ့တာပါ။
အိန္ဒိယအစိုးရဟာ အစောပိုင်းမှာ ဟော်မုဇ်ရေလက်ကြားက သူ့သင်္ဘောတချို့ ဘေးမသီရန်မခ ဖြတ်သန်းနိုင်ဖို့ အီရန်နဲ့ အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့ပါတယ်။ အခုလို အီရန်ဘက်က တိုက်ခိုက်လိုက်တာဟာ သိသာတဲ့ အပြောင်းအလဲကြီးတစ်ရပ် ဖြစ်ပါတယ်။
အသေအပျောက် သတင်းမရှိပေမဲ့ အိန္ဒိယအစိုးရဟာ နယူးဒေလီမှာရှိတဲ့ အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ဒီဖြစ်စဉ်အပေါ် အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရေလက်ကြားကို ဖြတ်သန်းနေတဲ့ အိန္ဒိယသင်္ဘောတွေကို ကာကွယ်ပေးဖို့လည်း သံအမတ်ကို တိုက်တွန်းခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြား အကျပ်အတည်းဟာ လတ်တလော ပြေလည်မယ့် အရိပ်အယောင် မရှိသေးဘူးဆိုတော့ လာမယ့် သီတင်းပတ်တွေ ဒါမှမဟုတ် လတွေအတွင်း အိန္ဒိယအနေနဲ့ ထိခိုက်မှုတွေ ထပ်ကြုံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။
အရှေ့အလယ်ပိုင်းက အိန္ဒိယရဲ့ အရောင်စုံဆက်ဆံရေး
အီရန်ပဋိပက္ခ မစခင်တုန်းက ဆိုရင် အိန္ဒိယရဲ့ သံတမန်ရေးဟာ အပြန်အလှန် မျက်စောင်းထိုးနေကြတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကြားမှာ ဟန်ချက်ညီညီ ရပ်တည်နိုင်တယ်လို့ ရှုမြင်ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး BJP ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အိန္ဒိယဟာ အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပါတယ်။ ယူအေအီး၊ ဆော်ဒီအာရေးဗီးယားနဲ့ အိုမန်လို ပင်လယ်ကွေ့နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့ပါတယ်။
ဒါတွေနဲ့ တစ်ဆက်တည်းမှာပဲ အိန္ဒိယဟာ အီရန်နဲ့ သမိုင်းစဉ်ဆက် ရှိလာခဲ့တဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်ပါတယ်။ အမေရိကန် အစိုးရအဆက်ဆက်ရဲ့ ဖိအားတွေ၊ အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံတချို့နဲ့ အီရန်ရဲ့ ဆက်ဆံရေး ယိုယွင်းလာတာတွေ ရှိနေတဲ့ကြားက အခုလိုမျိုး အီရန်နဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးနဲ့ အမေရိကန်တို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်ချိန်မှာတော့ အိန္ဒိယဟာ ဒီနှစ်နိုင်ငံကို မဝေဖန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မတ်လ ၄ ရက်မှာ အိန္ဒိယက စီစဉ်တဲ့ ရေတပ်လေ့ကျင့်ခန်းကနေ ပြန်လာတဲ့ အီရန် စစ်သင်္ဘောတစ်စင်းကို အမေရိကန်က နှစ်မြှုပ်လိုက်တာနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယဟာ နှုတ်ဆိတ်နေခဲ့ပြန်ပါတယ်။
ဒါက အိန္ဒိယနိုင်ငံထဲက လေ့လာဆန်းစစ်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဆီကနေ ဝေဖန်မှု အတော်လေး ထွက်လာစေခဲ့ပါတယ်။ အိန္ဒိယ ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီမှာ အငြိုအငြင် မခံချင်ကြတာကြောင့် ယုံကြည်ရတဲ့ သက်တော်ရှည် မဟာမိတ်ကို စွန့်ပစ်လိုက်ပြီဆိုတဲ့ အမြင်လည်း လူထုဆီမှာ ရှိလာပါတယ်။
အိန္ဒိယအစိုးရက ဒီပဋိပက္ခဟာ ခဏပဲ ကြာလိမ့်မယ်လို့ ထင်မှတ်ခဲ့ပုံပါပဲ။ ထရမ့်ရဲ့ ဒေါသကို ရင်ဆိုင်ရမယ့် အလားအလာနဲ့ နှိုင်းယှဉ်ရင် နှုတ်ဆိတ်နေလိုက်တာက အိန္ဒိယအတွက် ပိုအကျိုးရှိမယ်လို့ တွက်ဆခဲ့တာ ဖြစ်နိုင်ပါတယ်။
အမေရိကန်ဘက်ကို လိုက်လျောနေပုံရတာကြောင့် အိန္ဒိယ ဝေဖန်မှုခံနေရပေမဲ့လည်း အီရန်ကတော့ အိန္ဒိယဟာ မိတ်ဆွေနိုင်ငံအဖြစ် ရှိနေဆဲပဲ ဆိုတဲ့ အရိပ်အယောင်မျိုး ပြထားပါတယ်။ တီဟီရန်ကို လူသိရှင်ကြား ထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ ဒေလီအပေါ် ထင်သာမြင်သာ ဆိုးကျိုးတွေတော့ သက်ရောက်ဟန်မရှိပါဘူး။
ကိုယ့်ကွင်းမှာကိုယ် လူပိုဖြစ်
အိန္ဒိယဟာ အရင်က ဆက်ဆံရေးကွန်ရက်တွေ ကောင်းကောင်း တည်ဆောက်နိုင်ခဲ့တဲ့ ဒီဒေသတွင်း ပဋိပက္ခမှာ အကြီးအကျယ် ဘေးရောက်သွားပါတယ်။ ပြိုင်ဘက် ပါကစ္စတန်က အီရန်စစ်ပွဲမှာ ကြားဝင်စေ့စပ်ပေးသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝင်ပါနေတဲ့ အတွက်လည်း အိန္ဒိယရဲ့ အခြေအနေဟာ ပိုပြီးတော့ ပြူးတူးပြဲတဲ ဖြစ်နေပါတယ်။
ပါကစ္စတန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က ကြိတ်မနိုင်ခဲမရ ဖြစ်နေတာက သိသာလွန်းပါတယ်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အစည်းအဝေးမှာ “တို့က သူများနိုင်ငံတွေဆီ လျှောက်သွားပြီး ပွဲစားလုပ်ပေးရမလား မေးမနေဘူး” လို့တောင် ထုတ်ပြောတဲ့အထိ ပါပဲ။
တကယ်တော့ ပါကစ္စတန်ဟာ ဒီနေရာကို ရောက်သင့်လို့ ရောက်လာခဲ့တာပါ။ ပါကစ္စတန်ဟာ ထရမ့်ကို နိုဘယ်ဆုအတွက် တင်သွင်းခဲ့တဲ့အထိ အမေရိကန်နဲ့ အလွမ်းသင့်နေပါတယ်။ ပထဝီအနေအထားအရ မဟာဗျူဟာကျကျ ရှိနေတဲ့ အစ္စလာမ္မာဘက်ဟာ တစ်ဘက်မှာလည်း ဆော်ဒီနဲ့ အီရန်မှာ လိုအပ်တဲ့ အဆက်အသွယ်တွေ ရှိထားပါတယ်။ တရုတ်အတွက် ဆိုရင်လည်း အိန္ဒိယကို သြဇာထိန်းညှိဖို့အတွက် ပါကစ္စတန်ဟာ အရေးပါတဲ့ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယကလည်း ပါကစ္စတန်ဟာ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခ အလွန်ကာလ တရုတ်ရဲ့ အခန်းကဏ္ဍ ပိုကြီးမားလာဖို့အတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အမေရိကန်နဲ့ အီရန်တို့က ပါကစ္စတန်ကို အပြစ်တင်တာ၊ ဒဏ်ခတ်တာတွေ လုပ်နိုင်တဲ့အတွက် အခုလို ငြိမ်းချမ်းရေး ဖော်ဆောင်သူ အခန်းကဏ္ဍဟာ ပါကစ္စတန်အတွက် ဆုပ်လည်းစူး စားလည်းရူး ဖြစ်သွားနိုင်တယ်လို့ ယူဆသူတွေလည်း ဒေလီမှာ အများအပြား ရှိပါတယ်။
ပါကစ္စတန်ဟာ ဆော်ဒီအာရေးဗီးယားနဲ့ ထားရှိထားတဲ့ အပြန်အလှန် လုံခြုံရေးစာချုပ်ကြောင့်လည်း စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ ပင်လယ်ကွေ့ခေါင်းဆောင်တွေဟာ ဆော်ဒီမှာ တွေ့ဆုံပြီး လက်ရှိစစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာဟာ အားလုံးကို တိုက်ခိုက်တာပဲ ဆိုတဲ့ သဘောထားကိုလည်း ဒီတွေ့ဆုံပွဲမှာ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။ တကယ်လို့ ဆော်ဒီက အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ် ခုခံတဲ့အနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင် ပါကစ္စတန်ဟာ ဆော်ဒီကို ကူညီဖို့ တာဝန်ရှိလာနိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရဆဲ ဖြစ်တဲ့အတွက် အိန္ဒိယစီးပွားရေးဟာ သိသိသာသာ ထိခိုက်မယ့်ပုံ ပေါ်နေပါတယ်။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့က လာတဲ့ စွမ်းအင်နဲ့ မြေသြဇာ တင်သွင်းမှုတွေမှာ အကြီးအကျယ် လိုအပ်ချက် ကြုံရမှာပါ။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရုရှားဆီက ရေနံစိမ်းတွေကို ပိုတိုးပြီး ဝယ်ပါရဲ့။ နိစ္စဓူဝ ချက်ပြုတ်ရာမှာ သုံးတဲ့ ဓာတ်ငွေ့အရည် (LPG) လိုအပ်ချက်ကတော့ အဓိက ပြဿနာအဖြစ် ရှိနေဆဲပါ။
ရေနံစိမ်းနဲ့ မတူတာက LPG ကို တခြားနေရာတွေက ဝယ်ဖို့ မလွယ်လှတဲ့အချက်ပါ။ အိန္ဒိယရဲ့ LPG တင်သွင်းမှု ၉၀ ရာခိုင်နှုန်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး လာတာပါ။ LPG ဂတ်စ်အိုး ဈေးနှုန်းတွေ မြန်မြန်ဆန်ဆန် ထိုးတက်လာ၊ သူနဲ့အတူ မြေသြဇာ ဈေးနှုန်းတွေလည်း မြင့်တက်လာပြန်တော့ နောက်ဆက်တွဲအဖြစ် စားသောက်ကုန် ဈေးနှုန်းတွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ဖြစ်လာပါလိမ့်မယ်။
အရှေ့အလယ်ပိုင်းမှာ ပိုးမွေးသလိုမွေးထားရတဲ့ ဒေလီရဲ့ အရောင်စုံဆက်ဆံရေးကတော့ အီရန်စစ်ပွဲကြောင့် ယိုင်နဲ့နေရပါပြီ။ သူ့ရဲ့ ရပ်တည်ချက် ထိခိုက်သွားတာကို ပြန်ဖာထေးဖို့အတွက် ဒေလီဟာ ဧပြီလထဲမှာ ယူအေအီးနဲ့ ဆော်ဒီအာရေးဗီးယားတို့ကို တရားဝင် ခရီးစဉ်တွေ သွားရောက်ခဲ့ပါသေးတယ်။
အိန္ဒိယအနေနဲ့ အီရန်ပဋိပက္ခ ရပ်တန့်ဖို့ ဘက်ပေါင်းစုံကို အကြံပေးနိုင်ရဲ့။ အီရန်ကို လက်တုံ့ပြန်တာမျိုး မလုပ်ဖို့လည်း ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တွန်းနိုင်တာပေါ့လေ။ ဒါပေမဲ့ အချက်အလက်ပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဒီအကျပ်အတည်းမှာ အိန္ဒိယအဖို့ ခုထက်ပို အရေးပါလာအောင် လုပ်နိုင်တဲ့ အနေအထား မရှိသလောက်လို့ပဲ ဆိုရပါတော့မယ်။
ရာဗီချန်ဒရာကူးမား
ရည်ညွန်း
- Deepening Iran war and Hormuz crisis have left India sidelined by Sinderpal Singh, CNA
- Pakistan’s diplomatic win is a wake-up call for India by Nirmal Ghosh, CNA







