ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အရှေ့တောင်အာရှက ဟော်မုဇ် (သို့မဟုတ်) မလက္ကာ

May 11, 2026

ဓာတ်ပုံ - BBC

ဖေဖော်ဝါရီလကုန်ပိုင်းမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တာကြောင့် ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှုကွင်းဆက်တွေ ပြတ်တောက်သွားပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားပေါ်ကို ကျလာခဲ့လာပါတယ်။ ဒါပေမဲ့ ပိုအသံတိတ်ပေမယ့်လည်း အရေးပါတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတစ်ခုက အရှေ့တောင်အာရှဘက်မှာ ပုံပေါ်လာနေပါတယ်။

ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုခိုင်မာစေမယ့် အဓိကကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အစီအစဉ်တစ်ရပ်ကို အသိပေးထုတ်ပြန်လိုက်ပါတယ်။

သတင်းတွေအရ အမေရိကန်ဟာ အင်ဒိုနီးရှားရဲ့ လေပိုင်နက်ကို အရင်ကထက် ပိုမိုအသုံးပြုခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။

အင်ဒိုနီးရှားသမ္မတ ပရာဗိုဝိုဆူဘီယန်တိုက အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်ပြီလို့ သတင်းဌာနအချို့က ဖော်ပြနေကြပါတယ်။

အခုလိုမျိုး ဖြစ်ပေါ်တိုးတက်မှုတွေက အင်မတန်အရေးပါပါတယ်။ အင်ဒိုနီးရှားရဲ့ ကျွန်းစုကြီးတွေဟာ ကမ္ဘာ့အချက်အချာကျတဲ့ ပင်လယ်ရေကြောင်းလမ်းမကြီးတွေပေါ်မှာ ခွပြီး တည်ရှိနေတာကြောင့်ပါ။

အဲဒီပင်လယ်ရေကြောင်းလမ်းတွေထဲမှာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ သင်္ဘောလိုင်းတွေအတွက် အရေးပါတဲ့ အသက်သွေးကြောတစ်ခုဖြစ်တဲ့ မလက္ကာရေလက်ကြားလည်း ပါဝင်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်းမှာ မလက္ကာရေလက်ကြားပတ်ဝန်းကျင်ဒေသအပေါ် ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးအရ အာရုံစိုက်မှုက ပိုမြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ ဒီရေလက်ကြားနဲ့ ရေလက်ကြားအနီးဝန်းကျင် ဒေသတွေမှာ သူတို့ရဲ့ စစ်ရေးအင်အားကို တဖြည်းဖြည်း တိုးချဲ့လာနေပါတယ်။

အမေရိကန်က စစ်အခြေစိုက်စခန်း အသုံးပြုခွင့်နဲ့ ရေတပ်အင်အား ဖြန့်ကြက်မှုတွေကတစ်ဆင့် ဒါကို လုပ်ဆောင်နေပါတယ်။ တရုတ်ကတော့ ဆိပ်ကမ်းကွန်ရက်တွေ တည်ဆောက်တာ၊ ရေတပ်အင်အား တိုးချဲ့တာတွေကတစ်ဆင့် ဒီအတွက် လုပ်ဆောင်နေပါတယ်။

မလက္ကာရေလက်ကြားရဲ့ အနောက်ဘက်အဝင်နားမှာရှိတဲ့ အန်ဒမန်နဲ့ နီကိုဘာကျွန်းစုတွေက အိန္ဒိယနိုင်ငံအတွက် ဒီဒေသထဲမှာ မဟာဗျူဟာမြောက် တည်ရှိမှုကို ဖန်တီးပေးထားပါတယ်။

အရှေ့တောင်အာရှဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြားထဲကို သိသိသာသာ ပိုမိုရောက်ရှိလာနေပါတယ်။ အမေရိကန်-အင်ဒိုနီးရှား ကာကွယ်ရေးဆိုင်ရာမိတ်ဖက်ဖြစ်မှုအသစ်က အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ထိုင်ဝမ်အရေးကြောင့်သော်လည်းကောင်း ၊ ဟော်မုဇ်ရေလက်ကြားက ပြဿနာတွေ ကူးစက်လာမှုကြောင့်သော်လည်းကောင်း ၊ မဟာမိတ်ဖွဲ့မှုအပြောင်းအလဲတွေကြောင့်သော်လည်းကောင်း ၊ ဒီအားပြိုင်မှုတွေ ပိုပြင်းထန်လာမယ်ဆိုရင် မလက္ကာရေလက်ကြားဟာ ဒီအားပြိုင်မှုရဲ့ ဗဟိုချက်မှာ ရှိနေမှာပါ။

ဒီရေလက်ကြားဟာ အိန္ဒိယသမုဒ္ဒရာကို တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာဆီ ဆက်သွယ်ပေးထားတဲ့ အတိုဆုံးရေလမ်းကြောင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရေလက်ကြားဟာ အရှေ့အာရှနဲ့ အနောက်နိုင်ငံတွေကြား ကုန်သွယ်မှုအတွက် အဓိက အသုံးပြုရမယ့် လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။

ဒီရေလက်ကြားဟာ မလေးကျွန်းဆွယ်ကနေ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူမားတြားကျွန်းအထိ အရှည်အားဖြင့် ကီလိုမီတာ ၉၀၀ ခန့် ရှည်လျားပါတယ်။

စင်ကာပူနားက ‘ဖိလစ်ရေလက်ကြား’လို့ခေါ်တဲ့ အကျဉ်းဆုံးနေရာမှာဆိုရင် ၂.၈ ကီလိုမီတာလောက်ပဲ ကျယ်ပါတယ်။

ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု ပမာဏရဲ့ ၂၄ ရာခိုင်နှုန်းနီးပါးဟာ မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာနေရပါတယ်။

ကမ္ဘာ့ရေကြောင်းရေနံတင်ပို့မှု ၄၅ ရာခိုင်နှုန်း၊ နိုင်ငံတကာကားကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကျော်နဲ့ ကောက်ပဲသီးနှံ၊ ပဲပုပ်လိုမျိုး စိုက်ပျိုးရေးထွက်ကုန်တွေအပါအဝင် ကမ္ဘာ့ကုန်ခြောက်တင်ပို့မှု ၂၃ ရာခိုင်နှုန်းဟာ ဒီရေလမ်းကြောင်းကိုပဲ အသုံးပြုနေရပါတယ်။

ဥရောပက တင်သွင်းတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဖိနပ်နဲ့ ကစားစရာလိုမျိုး လူသုံးကုန်ပစ္စည်းတွေ၊ စက်ကိရိယာတွေနဲ့ စက်မှုကုန်ကြမ်း အများအပြားဟာလည်း ဒီရေလက်ကြားကို ကွန်တိန်နာသင်္ဘောတွေနဲ့ ဖြတ်သန်းသွားလာကြပါတယ်။

မလက္ကာရေလက်ကြားဟာ ကမ္ဘာ့အရေးအပါဆုံး ဆိပ်ကမ်းအခြေခံအဆောက်အအုံအချို့ တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

ရေလက်ကြားရဲ့ တောင်ဘက်အဝင်ဝမှာရှိတဲ့ စင်ကာပူဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အလုပ်အရှုပ်ဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ကုန်စည်ပြန်လည်တင်ပို့ရာဗဟိုချက်လည်း ဖြစ်ပါတယ်။

တစ်နှစ်ကို ကွန်တိန်နာ အလုံးရေ သန်း ၄၀ ကျော်ကို စီမံခန့်ခွဲနေရပြီး ကမ္ဘာ့အကြီးဆုံး သင်္ဘောဆီဖြည့်ရာ ဗဟိုချက်လည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ပေါ့ကလန်းဆိပ်ကမ်းဟာလည်း တစ်နှစ်မှာ ကွန်တိန်နာ ၁၄ သန်းကို စီမံနေရပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကွန်တိန်နာဆိပ်ကမ်း ၁၀ ခုစာရင်းထဲမှာ ပါဝင်ပါတယ်။

အစားထိုးမရတဲ့ မလက္ကာ

မလက္ကာရေလက်ကြားကို ရှောင်ကွင်းဖို့အတွက် အဓိကပြောလေ့ရှိကြတဲ့ ဆွန်ဒါနဲ့ လွမ်ဘွတ်ရေလက်ကြားနှစ်ခုစလုံးဟာ အင်ဒိုနီးရှားပိုင်နက်ထဲမှာ ရှိနေပါတယ်။ ဒီရေလက်ကြားနှစ်ခုစလုံးဟာ မလက္ကာရေလက်ကြားနေရာမှာ တိုက်ရိုက်အစားထိုးဖို့ မလွယ်ကူပါဘူး။

ဒီရေလမ်းကြောင်းတွေဘက်ကနေ လှည့်ပတ်သွားမယ်ဆိုရင် ခရီးစဉ်ဟာ ရေမိုင် ၁,၀၀၀ ကနေ ၁,၅၀၀ အထိ ပိုဝေးသွားမှာဖြစ်ပြီး ပင်လယ်ထဲမှာ နောက်ထပ် ၃ ရက်ကနေ ၅ ရက်လောက် ပိုကြာသွားပါမယ်။ ဒီအတွက် စက်သုံးဆီစရိတ်တွေ ပိုကုန်ကျလာမယ့်အပြင် စင်ကာပူရဲ့ လောင်စာဆီဖြည့်တင်းရေး ဝန်ဆောင်မှုတွေကိုလည်း လက်လွှတ်ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားပြင်ပမှာရှိတဲ့ ပါပူဝါနယူးဂီနီနားက တောရက်စ်ရေလက်ကြားဆိုရင်လည်း ရေတိမ်လွန်းတာကြောင့် ရေစူး ၁၂ မီတာအထက်ရှိတဲ့ ကုန်တင်သင်္ဘောကြီးတွေ ဖြတ်သန်းသွားလာလို့ မရပါဘူး။

အကယ်၍ ဒီရေလမ်းကြောင်းတွေအားလုံးကို ရှောင်ကွင်းသွားမယ်ဆိုရင် ဩစတြေးလျတိုက်ကြီးတစ်ခုလုံးကို ပတ်သွားရမှာဖြစ်လို့ ခရီးစဉ်ဟာ နောက်ထပ် ၁၀ ရက်ကနေ ၁၅ ရက်လောက် ပိုကြာသွားနိုင်ပါတယ်။ ဒီလို ပထဝီဝင်အနေအထား အကန့်အသတ်တွေကြောင့်ပဲ မလက္ကာရေလက်ကြားကို ရှောင်လွှဲပြီး သွားလာဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။

မလက္ကာရေလက်ကြားကိုပဲ အားကိုးနေရတဲ့ ဘေးအန္တရာယ်ကို တရုတ်နိုင်ငံဟာ တခြားဘယ်သူ့ထက်မဆို ပိုနားလည်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အဲဒီအချိန်က တရုတ်သမ္မတဖြစ်သူ ဟူကျင်းထောင်က ဒီလို မဟာဗျူဟာမြောက်အားနည်းချက်ကို “မလက္ကာ အကျပ်အတည်း” (Malacca dilemma) လို့ အမည်တပ် ခေါ်ဆိုခဲ့ရာကနေ အခုအချိန်ထိ အဲဒီအခေါ်အဝေါ်ကို သုံးစွဲနေကြတုန်းပါပဲ။ တရုတ်နိုင်ငံကို ပြည်ပကနေ တင်သွင်းနေတဲ့ ရေနံ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြားဟာ ဒီရေလက်ကြားကိုပဲ ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အခြားရွေးချယ်စရာ လမ်းကြောင်းတွေအတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားပေမဲ့ မလက္ကာရေလက်ကြားကနေ သယ်ယူပို့ဆောင်နေတဲ့ ပမာဏကိုတော့ ဘယ်လမ်းကြောင်းကမှ မမီသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်ကမ်းစပ်က ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေဟာ မလက္ကာရေလက်ကြားကို လုံးဝရှောင်ကွင်းနိုင်တာတော့ အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီပိုက်လိုင်းတွေရဲ့ သယ်ယူနိုင်စွမ်းဟာ တစ်ရက်ကို ရေနံစည်ပေါင်း လေးသိန်းလေးသောင်းလောက်ပဲ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ တစ်ရက်ရေနံတင်သွင်းမှု စုစုပေါင်း စည်ပေါင်း ၁၁ သန်းနဲ့ ယှဉ်ရင် အလွန်နည်းပါးတဲ့ ပမာဏပဲ ဖြစ်နေပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းကတော့ အာရေဗျပင်လယ်က ဂွါဒါဆိပ်ကမ်းနဲ့ တရုတ်အနောက်မြောက်ပိုင်းက ရှင်ကျန်းဒေသကို ကားလမ်းမကြီးတွေ၊ ရထားလမ်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကတစ်ဆင့် ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ ပါကစ္စတန်နိုင်ငံက တချို့နေရာတွေရဲ့ မြေမျက်နှာအသွင်အပြင်ခက်ခဲကြမ်းတမ်းမှုနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ဒီစီမံကိန်းဟာ တစ်ပိုင်းတစ်စပဲ ပြီးစီးပါသေးတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ အာရှအလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကနေလည်း အရင်းအမြစ်တွေကို ခွဲထုတ်ထားပြီး အဲဒီအရာတွေကနေ ရေနံတင်သွင်းမှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ရရှိနေပါတယ်။

တရုတ်နဲ့ ဥရောပကို ချိတ်ဆက်ထားတဲ့ ကုန်တင်ရထားလမ်းကြောင်းတွေလည်း ရှိပါတယ်။ အဲဒါတွေက ပင်လယ်ရေလမ်းကြောင်းရဲ့ အကျပ်အတည်းတွေကို လုံးဝရှောင်ရှားနိုင်တဲ့အပြင် သင်္ဘောနဲ့ပို့တာထက်လည်း ပိုမြန်ပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် အဆမတန်များလွန်းသလို သယ်ယူနိုင်တဲ့ ပမာဏကလည်း အကန့်အသတ် အင်မတန်များပါတယ်။

ရုရှားမြောက်ဘက်ကမ်းရိုးတန်းတလျှောက် အာတိတ်ပင်လယ်ရေလမ်းကြောင်းဟာ အာရှနဲ့ ဥရောပကြား ခရီးအကွာအဝေးကို လျှော့ချပေးနိုင်လို့ ရေရှည်အတွက် ကြိုတင်ပြင်ဆင်စရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီအလိုက်ပဲ သွားလာလို့ရသေးတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါမှု နည်းနေပါသေးတယ်။

လက်ရှိမှာတော့ မလက္ကာရေလက်ကြားတဝိုက်မှာ စစ်ရေးအရ အင်အားပြမှုတွေ ရှိနေပေမဲ့ ဒါဟာ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် သက်ရောက်မှုရှိမယ်ဆိုတဲ့ ထင်ရှားတဲ့လက္ခဏာတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ နောင်တချိန်မှာ ပဋိပက္ခတစ်ခုခုသာ ပေါ်ပေါက်လာခဲ့ရင် အထိနာမယ့်သူတွေကတော့ တရုတ်လိုမျိုး ကုန်သွယ်ရေးကို အဓိကအားထားနေရတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

လုချိုင်း

(Asia Times တွင် ၂၉.၄.၂၀၂၆ ရက်စွဲဖြင့် ဖော်ပြထားသည့် Strait of Malacca could be next Hormuz-like flashpoint ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)