ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျိုရှူအာဗန်တက်မယ့် မလေးရှားက CRC အသင်းငွေရတုအခမ်းအနား ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေမယ်

May 14, 2026

မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ တေးသံရှင် ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ UFC ချန်ပီယံ ချင်းဖိုက်တာလေး ဂျိုရှုအာဗန်လည်း ဒီအခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို လာမယ့် မေလ ၂၇ ရက်နေ့ရောက်ရင် မလေးရှားနိုင်ငံ၊ ကွာလမ်လမ်ပူမြို့ဆီက Jalan Loke Yew မှာရှိတဲ့ SIK (C) Chung kwo ကျောင်းခန်းမမှာ မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ဂျိူရှူအာဗန် ဟာ ဒီအခမ်းအနားဆီကို ဖိတ်ကြားခံ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်သွားမှာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။

မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ အများပြည်သူအားလပ်ရက်ဖြစ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အားလုံး လာရောက်အားပေးကြဖို့ Chin Refugee Committee (CRC) အသင်းက ဖိတ်ခေါ်ထားပါတယ်။

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ ရှေ့လာမယ့်သီတင်းပတ်ထဲကိုရောက်ရင် ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ဆီကို အလည်ခရီးရောက်လာမှာဖြစ်ပြီး ဒီခရီးကို မိသားစုဝင်တွေ လိုက်ပါလာဖို့ မရှိဘဲ သူငယ်ချင်းတွေပဲ လိုက်ပါလာလိမ့်မယ်လို့ ဂျိုရှူအာဗန်က အသိပေးထားပါတယ်။

ဂျိုရှူအာဗန်က သူ့ရဲ့ဒီခရီးမှာ ကမ္ဘာ့ချန်ပီယံခါးပတ်ကြီးကို ယူလာမှာ မဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေကတော့ ဂျိုရှူအာရဲ့ခရီးစဉ်ကို ရင်ခုန်စွာနဲ့ စောင့်ကြိုနေကြပါတယ်။

တေးသံရှင် ဖြူဖြူကျော်သိန်းကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။