သမိုင်းကပေးတဲ့ စိတ်မသက်မသာစရာ သင်ခန်းစာတစ်ခု။ ကမ္ဘာစစ်တွေဟာ လူတိုင်းနီးပါးကို ထိခိုက်နစ်နာစေပေမဲ့ ကမ္ဘာစစ်တွေ ဖြစ်၊မဖြစ်ကတော့ ဆုံးဖြတ်ချက်ချမှတ်သူ လူနည်းစုလေးရဲ့ လက်ထဲမှာ ရှိနေတယ်။ ပြီးတော့ အဲဒီဆုံးဖြတ်ချက်ချမှတ်သူတွေဟာ တခါတလေမှာ အရူးတွေ ဖြစ်နေတတ်ပါတယ်။
ဒီကနေ့ကမ္ဘာဟာ ၁၉၁၄ ခုနှစ် မတိုင်ခင်ကာလနဲ့ တော်တော်လေး တူတယ်ဆိုတဲ့အကြောင်း ယေးလ်တက္ကသိုလ်က သမိုင်းပါမောက္ခ အော့ဒ်အာနေးဝက်စတက်က သူ့ရဲ့ “The Coming Storm” ဆိုတဲ့ စာအုပ်ထဲမှာ ထောက်ပြထားပါတယ်။
အင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းနေကြတယ်။ အမျိုးသားရေးဝါဒဘုန်းတန်ခိုးကြီးထွားလာနေတဲ့ ခေတ်ကို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်က လမ်းဖယ်ပေးနေတယ်။ ကိုယ့်ပြဿနာတွေအတွက် အခြားနိုင်ငံတွေကို လက်ညှိုးထိုးအပြစ်တင်နေတဲ့ လူတွေကလည်း တနေ့တခြား ပိုများလာနေတယ်။
အပြန်အလှန်သံသယဝင်နေကြပုံက ပထမကမ္ဘာစစ်ဖြစ်ခါနီးကာလတုန်းကထက် အခုချိန်မှာ ပိုတောင်ဆိုးနေတယ်ဆိုတာ တကယ့်အမှန်ပါပဲ။ သူတို့ တိုင်းပြည်ဟာ လာမယ့်ငါးနှစ်အတွင်း တရုတ်နဲ့ စစ်ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံသား ငါးယောက်မှာ နှစ်ယောက်က ထင်နေကြတယ်။ ယူကရိန်းစစ်ပွဲဟာ အနောက်အုပ်စုနဲ့ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းချင်း အားပြိုင်တိုက်ခိုက်မှုပဲလို့ ရုရှားနိုင်ငံသား သုံးပုံနှစ်ပုံက ယုံကြည်နေကြတယ်။
၁၉၁၄ ခုနှစ်မှာ နိုင်ငံခေါင်းဆောင်အချို့ဟာ စစ်လိုလားခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း လွန်ကဲနေခဲ့ပါတယ်။ ဂျာမန်ဧကရာဇ် ဒုတိယမြောက် ကိုင်ဇာဝီလ်ဟမ်ဘုရင်ကိုပဲ ကြည့်ပါ။ သြစတြီးယား-ဟန်ဂေရီ ထီးနန်းကို ဆက်ခံမယ့် သူ့မိတ်ဆွေ ဖရန့်စ် ဖာဒီနန်ကို ဘော့စနီးယား ဆာ့ဘ်လူမျိုးတစ်ယောက်က လုပ်ကြံသတ်ဖြတ်လိုက်ချိန်မှာ သူ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ သူ့အကြံပေးတွေက တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ ဆားဘီးယားနိုင်ငံဟာ အကြမ်းဖက်မှုကို အားပေးနေတဲ့ နိုင်ငံဖြစ်လို့ မြန်မြန်ရှင်းပစ်ဖို့ လိုတယ်ဆိုပြီး ဆိုခဲ့ပါ ကိုင်ဇာဘုရင်က ဒေါသတကြီး ကြေညာခဲ့တယ်။
ဂျာမနီက သူတို့ကို ကျောထောက်နောက်ခံပေးမယ်လို့ အာမခံချက်ရလိုက်တာနဲ့ သြစတြီးယား-ဟန်ဂေရီဟာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေမရှိဘဲနဲ့ ဆားဘီးယားကို စစ်ကြေညာတိုက်ခိုက်ပါတော့တယ်။ စစ်ပွဲကို ခပ်မြန်မြန်နဲ့ အပြတ်တိုက်လိုက်ရင် ဘော်လ်ကန်ဒေသကို ဂျာမနီအတွက် အကျိုးရှိသလို ပြန်ပုံဖော်နိုင်လိမ့်မယ်လို့ ကိုင်ဇာဘုရင်က တွက်ခဲ့ပါတယ်။ သူ့ရဲ့ ပြည်တွင်းဩဇာကိုလည်း ပိုခိုင်မာလာစေလိမ့်မယ်လို့လည်း သူ တွေးခဲ့ပါတယ်။
အခြားနိုင်ငံတော်တော်များများ ဒီစစ်ပွဲထဲ ပါဝင်ပတ်သက်လာလိမ့်မယ်ဆိုတာကို သူ မယုံကြည်ဘဲ သံသယရှိခဲ့ပါတယ်။ သူဟာ စစ်မဖြစ်ခင်လေးမှာပဲ အားလပ်ရက်ခရီးထွက်သွားခဲ့ပါတယ်။ “အခက်အခဲတွေ ပေါ် လာရင်” ဂျာမနီအနေနဲ့ သြစတြီးယားကို ထောက်ခံဖို့ ညွှန်ကြားချက်တွေပဲ သူ ချန်ထားခဲ့ပါတယ်။ လူသန်းပေါင်းများစွာ သေကျေလို့ သူ့အင်ပါယာအပါအဝင် အင်ပါယာကြီးလေးခုကို ပြိုလဲစေခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတစ်ခုရဲ့ ကြိုခန့်မှန်းလို့ရတဲ့ အကျိုးဆက်တွေကို သူ့အနေနဲ့ ကြိုတင်ပြင်ဆင်ခဲ့ဖို့ နေနေသာသာ သူ့ လုပ်ရပ်ကြောင့် ဖြစ်လာနိုင်တဲ့ ကြိုခန့်မှန်းလို့ရတဲ့ အကျိုးဆက်တွေအတွက်တောင် သူ မပြင်ဆင်ထားခဲ့ပါဘူး။
“ဒီကနေ့ခေတ် ခေါင်းဆောင်တွေဟာ ၁၉၁၄ မတိုင်ခင်က အုပ်ချုပ်သူတွေထက် ပိုတော်တယ်လို့ ပြောဖို့ ခက်ပါတယ်” လို့ မစ္စတာဝက်စတက်က ရေးပါတယ်။အဆင့်မြင့်ရာထူးနေရာကြီးတွေမှာ ထိုင်နေကြသူတွေမှာ စဉ်းစားဆုံးဖြတ်မှု အားနည်းချက်ရှိတာကလည်း အသေအချာပါပဲ။ ယူကရိန်းကို ရက်အနည်းငယ်အတွင်း သိမ်းပိုက်အောင်နိုင်တော်မူလိမ့်မယ်လို့ ဗလာဒီမာပူတင်က ထင်ခဲ့တယ်။ လေးနှစ်ကြာတဲ့အခါမှာတော့ သူ့ရဲ့ မာနကြောင့် တိုက်နေတဲ့ ဒီစစ်ပွဲမှာ ရုရှားတွေ သေဆုံးခဲ့ရတာဟာ ၁၉၄၅ နောက်ပိုင်း စစ်ပွဲအားလုံးမှာထက် ပိုများပါတယ်။ အီရန်နဲ့ စစ်ဖြစ်ရတာ လွယ်ကူလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲက ကမ္ဘာ့စီးပွားရေးကို လှုပ်ခါစေခဲ့သလို အမေရိကန်နိုင်ငံကိုလည်း ပိုလုံခြုံသွားစေခဲ့ပုံ မပေါ်ပါဘူး။
လတ်တလော ကမ္ဘာအနှံ့မှာ အမျိုးသားရေးဝါဒတွေ ပြန်အားကောင်းလာတာက ၁၉၁၄ မတိုင်ခင်ကာလကို ပဲ့တင်ထပ်မှု ရှိနေတယ်။ အဲဒီအချိန်တုန်းက ဂျာမနီကို ကိုင်ညှစ်ခဲ့တဲ့ အမျိုးသားရေးဝါဒတင်းအားဟာ သေနိုင်လောက်အောင် ပြင်းထန်ခဲ့တယ်။ အကြောင်းကတော့ အဲဒီအမျိုးသားရေးဝါဒတင်းအားဟာ တိုင်းပြည်ရဲ့ ဂုဏ်ရည်မာန်ရည်အပေါ် သက်ဝင်မှု ၊ နိုင်ငံတော်ကို ကိုးကွယ်မှုနဲ့ စစ်အင်အားကို အလွန်အကျူးအမွှမ်းတင်စွဲလမ်းမှုကို ပေါင်းစပ်ထားတာကြောင့်ပါပဲ။ ဒါဟာ အခုခေတ် တရုတ်နိုင်ငံနဲ့ တော်တော်လေး တူပါတယ်။ ရုရှားနိုင်ငံနဲ့ဆိုရင်တော့ ကွက်တိကို တူပါတယ်။
အမျိုးသားရေးဝါဒဟာ အကြောက်တရားနဲ့ ပေါင်းစပ်လေ့ရှိပါတယ်။ ပေါက်ကွဲတော့မလို ပေါင်းစပ်လေ့ရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလတွေတုန်းက နယ်ချဲ့အင်အားကြီးနိုင်ငံတွေ (ဗြိတိန်နဲ့ ပြင်သစ်) ဟာ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နိုင်ငံတစ်ခု(ဂျာမနီ)ကို လန့်နေခဲ့ပါတယ်။ ဆိုခဲ့ပါ နိုင်ငံကလည်း အဲဒီအင်အားကြီးနိုင်ငံဟောင်းတွေဟာ သူ့ကို ဝိုင်းပတ်ပိတ်ဆို့ပြီး သူ့တိုးတက်မှုကို ဟန့်တားဖျက်ဆီးချင်နေကြတယ်လို့ သံသယဝင်ခဲ့ပါတယ်။ ဒါဟာ ဒီနေ့ခေတ်မှာ အမေရိကန်နဲ့ တရုတ် တစ်ယောက်ကိုတစ်ယောက် ကြည့်နေတဲ့ အမြင်မျိုးပါပဲ။
ရိုက်တာသတင်းထောက် ပီတာအက်ပ်စ်ရေးတဲ့ “The Next World War” စာအုပ်ဟာ မစ္စတာဝက်စတက်ရဲ့ စာအုပ်ကို ပိုပြည့်စုံစေပါတယ်။ ပညာရပ်ဆိုင်ရာ တိကျခိုင်မာမှုအပေါ်မှာပဲ လှုပ်ရှားအသက်ဝင်တဲ့ သတင်းစာတင်ပြပုံနဲ့ အားဖြည့်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး အဏုမြူလက်နက်တိုက်တွေကို ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင်တွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို မစ္စတာအက်ပ်စ်က မီးမောင်းထိုးပြထားပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း သူ့ဘန်ကာထဲမှာ တစ်ယောက်တည်း အထီးကျန်နေခဲ့တဲ့ မစ္စတာပူတင်ဟာ ယူကရိန်းကို သူ ဘာကြောင့် အုပ်ချုပ်ဖို့ လိုသလဲဆိုတာကို ရှင်းပြဖို့ ၉ ရာစုနှစ်က ဗိုက်ကင်းစစ်ဘုရင်တစ်ပါးအကြောင်းကို ကိုးကားပြီး ထူးထူးဆန်းဆန်း စာတစ်တန် ပေတစ်တန် ရေးသားခဲ့ဖူးပါတယ်။ မစ္စတာရှီဟာ သူ့ဆယ်ကျော်သက်အရွယ် မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ရိုက်နှက်အရှက်ခွဲခံခဲ့ရဖူးပါတယ်။ သူ့အမေအရင်းကတောင် သူ့ကို လူသိရှင်ကြား စွတ်စွဲရှုတ်ချတာကို ခံခဲ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ‘အရှက်တကွဲ အကျိုးနည်း ရာစုနှစ်’ကို အဖတ်ဆယ်ပြီး ပြောင်းပြန်လှန်ပစ်ချင်တဲ့ မစ္စတာရှီရဲ့ စိတ်စွဲလမ်းမှုအတွက် အကြောင်းပြချက် တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်မလား။
မစ္စတာထရမ့်အကြောင်းပြောမယ်ဆိုရင်တော့ အန္တရာယ်ရှိလောက်အောင်အထိ ကိုယ်မသိတာကို ကိုယ်မသိတဲ့ ခေါင်းဆောင်မျိုးဟာ တော်တော်ရှားတယ် ဆိုရပါမယ်။ သူ့ အသက် ၃၈ နှစ် အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်ဘဝမှာကတည်းက မစ္စတာထရမ့်ဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုအကြား အဏုမြူကိစ္စရပ်ဆွေးနွေးမှုတွေကိုသူကိုယ်တိုင် ဦးဆောင်သင့်တယ်လို့ ယူဆခဲ့ဖူးတယ်ဆိုတာကို မစ္စတာအက်ပ်စ်က ထောက်ပြထားပါတယ်။
“မစ်ဆိုင်းဒုံးတွေအကြောင်း သိစရာ အကုန်သိအောင် သင်ယူဖို့ တစ်နာရီခွဲပဲ အချိန်ပေးရမှာပါ” လို့ မစ္စတာထရမ့်က ပြောခဲ့ဖူးပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲဒါတွေ အများစုကို သိပြီးသားလို့ ထင်တာပဲ” လို့ သူက ဆိုပါတယ်။
အင်အားကြီးနိုင်ငံတွေအချင်းချင်း စစ်မဖြစ်အောင် တားဆီးနိုင်ရေးဟာ ဒီလိုလူစားမျိုးတွေရဲ့ တည်ငြိမ်ပြီး အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို အားကိုးနေရပါတယ်။ ဒါ့အပြင် နည်းပညာတွေ တိုးတက်လာမှုကလည်း သူတို့ကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချဖို့ ဖိအားပေးကောင်းပေးနိုင်ပါတယ်။
ဒါဟာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ သမိုင်းက ပြောပြနေတယ်။ ဒါဟာ ၁၉၁၄ ခုနှစ်တုန်းက ဥရောပနိုင်ငံတွေ စစ်ပွဲထဲကို အလျင်အမြန် ခုန်ဆင်းခဲ့ကြတဲ့ အကြောင်းတစ်ခုကတော့ ဘယ်သူကအရင် စစ်အင်အား စုစည်းနိုင်လဲဆိုတာက စစ်ရေးမှာ အသာစီးရစေလိမ့်မယ်ဆိုတာ နှစ်ဖက်စလုံးက သိနေခဲ့ကြတာပါပဲ။
၁၈၇၀-၇၁ ကာလတုန်းက ပရပ်ရှားဟာ ပြင်သစ်ကို အနိုင်ယူခဲ့ပါတယ်။ ပြင်သစ်ဘက်က မပြင်ဆင်ရသေးခင်မှာပဲ ပရပ်ရှားဟာ သူတို့ရဲ့ စစ်တပ်ကြီးကို ခေတ်ပေါ်ရထားလမ်းသစ်တွေ သုံးပြီး ရှေ့တန်းကို အမြန်ပို့ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒီလို အရင်ဦးအောင် လုပ်ရမယ်ဆိုတဲ့အသိကြောင့်ပဲ သံတမန်နည်းအရ ဖြေရှင်းဖို့ ရနိုင်သမျှအချိန်ကို ‘အနည်းဆုံးအထိ’ ကျဉ်းမြောင်းသွားစေခဲ့တယ်လို့ မစ္စတာဝက်စတက်က ဆိုပါတယ်။ ဒီနေ့ခေတ်မှာတော့ အဏုမြူလက်နက်တွေနဲ့ AI နည်းပညာတွေကြောင့် သံတမန်နည်းအရ ဖြေရှင်းဖို့ ရနိုင်သမျှအချိန်ကို ရက်သတ္တပတ်တွေကနေ မိနစ်ပိုင်းအထိတောင် ကျုံ့သွားစေနိုင်ပါတယ်။
နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ တစ်ဦးတစ်ယောက်တည်းက အာဏာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးစနစ်ပါပဲ။ မစ္စတာပူတင်၊ မစ္စတာထရမ့်၊ မစ္စတာရှီနဲ့ မြောက်ကိုရီးယားက ကင်ဂျုံအန်းတို့ အားလုံးဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှ အမှားမလုပ်တဲ့ သံမဏိခေါင်းဆောင်ကြီးတွေအဖြစ် ပုံဖော်ပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ဖန်တီးနေကြသူတွေ ဖြစ်ပါတယ်။
အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်သူတွေဟာ စစ်ပွဲရဲ့ အကျိုးဆက်တွေကို ကြောက်တာထက် သူတို့ကို အားနည်းတယ်လို့ အမြင်ခံရမှာကို ပိုပြီး ကြောက်တတ်ကြတယ်” လို့ မစ္စတာဝက်စတက်က ဆိုပါတယ်။ သူ့အနေနဲ့ ပြောမယ်ဆို ထပ်ဖြည့်ပြောလို့ ရပါသေးတယ်။ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်ကြီးတွေဟာ အဂတိလိုက်စားလေ့ရှိပြီး နိုင်ငံခြားစစ်ပွဲတစ်ခုကို ခပ်မြန်မြန် အနိုင်တိုက်ပြတာက သူတို့ ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ မတရားမှုတွေကနေ ပြည်သူတွေကို အာရုံလွှဲနိုင်လိမ့်မယ်လို့ မျှော်လင့်နေနိုင်တယ်ဆိုတဲ့အချက်ကို သူ့အနေနဲ့ ထပ်ဖြည့်ပြောလို့ ရပါသေးတယ်။ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု (Transparency International) အဖွဲ့မှာ အလုပ်လုပ်တဲ့ ကာရိုလိုင်းနား မက်ခ်လော့ခ်လန်နဲ့ အဖွဲ့သားတွေရဲ့ လေ့လာမှုတစ်ရပ်က ဒီအချက်ကို တွေ့ရှိထားပါတယ်။
“အဂတိလိုက်စားမှုဟာ ပဋိပက္ခတွေ ဖြစ်လာဖို့ အခြေအနေတွေကို ဖန်တီးပေးတယ်” ဆိုတဲ့အချက်ပါပဲ။
မစ္စတာဝက်စတက်က နောက်ထပ်ကမ္ဘာစစ်ကြီးတစ်ခု မဖြစ်ပွားအောင် တားဆီးဖို့အတွက် အကြံပြုချက်တွေ ပေးပါတယ်။ နိုင်ငံခေါင်းဆောင်တွေအကြား လုံခြုံစိတ်ချရပြီး မြန်ဆန်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိထားသင့်သလို၊ လူချင်းလည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးသင့်တယ်။ ဒါဟာ အခြေခံကျလွန်းတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ တရုတ်နိုင်ငံဟာ ပင်တဂွန်စစ်ဌာနချုပ်က ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေဟာ ယုံကြည်မှုတည်ဆောက်ဖို့အတွက်ရော ယုံကြည်မှုတည်ဆောက်နိုင်ရေးကို အထောက်အကူဖြစ်ဖို့အတွက်ရော တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဥပမာ – ရာသီဥတုဖောက်ပြန်မှု၊ ကပ်ရောဂါနဲ့ အာကာသ စူးစမ်းလေ့လာရေးလိုမျိုး ကိစ္စရပ်တွေမှာပါ။ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နိုင်သလို ဖြေရှင်းရခက်လွန်းတဲ့ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်တွေမှာတော့ နှစ်ဘက်ပြေလည်မယ့် ယာယီသဘောတူညီချက်ကို ရယူဖို့ ကြိုးစားသင့်ပါတယ်။ဥပမာအနေနဲ့ ထိုင်ဝမ်ကိစ္စမှာ တရုတ်ဘက်က ဒီကျွန်းကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုသရွေ့ အမေရိကန်အနေနဲ့လည်း ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကြေညာမှုကို အားပေးမှာ မဟုတ်ကြောင်း ကတိပေးထားသင့်ပါတယ်။
ဒါတွေအားလုံးက ကောင်းမွန်တဲ့ အကြံဉာဏ်တွေပါပဲ။ ဒါပေမဲ့ အရာအားလုံးက အစိုးရခေါင်းဆောင်တွေအပေါ် မူတည်ပါတယ်။ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ “ရန်သူကို ဘယ်လိုဟန့်တားရမလဲ၊ အချိန်ကို ဘယ်လိုဆွဲထားရမလဲနဲ့ ထိန်းမနိုင်သိမ်းမရ ပဋိပက္ခအရှိန်မြင့်တက်မှုကို ဘယ်လိုရှောင်ရှားရမလဲ” ဆိုတာကို သိကြပါတယ်။
စစ်ပွဲရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ဒုက္ခဝေဒနာတွေကိုလည်း သူတို့အနေနဲ့ နားလည်စာနာဖို့ လိုပါတယ်။ ယူကရိန်းတွေရဲ့ အသက်ကို အသာထား ၊ ရုရှားတွေရဲ့ အသက်တွေကိုတောင် တန်ဖိုးမထားဘဲ မဆင်မခြင်လုပ်နေတာကို ကြည့်ရင် မစ္စတာပူတင်ကတော့ ဒီအပေါ်မှာ စာနာနားလည်မှုမရှိဘူးဆိုတာ ရှင်းပါတယ်။
မစ္စတာရှီကတော့ ခန့်မှန်းရပိုခက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာကောင်းတာက ယူကရိန်းစစ်ပွဲကို လေ့လာနေတဲ့ တရုတ်စစ်ဘက်ဆိုင်ရာ ဗျူဟာမှူးတွေဟာ “ဒီပဋိပက္ခကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကို ကြည့်ရှုသုံးသပ်တဲ့အပိုင်းမှာ အားထုတ်မှု လုံးဝနီးပါး မရှိသလောက် ဖြစ်ပြီး အနာဂတ်စစ်ပွဲတွေမှာ ဘယ်လိုအနိုင်ယူမလဲဆိုတဲ့ သင်ခန်းစာတွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေကြတာပါ” လို့ မစ္စတာ အက်ပ်စ်က ထောက်ပြထပါတယ်။
မစ္စတာအက်ပ်စ်ကတော့ လာမယ့် ဆယ်စုနှစ်အတွင်း နောက်ထပ် ကမ္ဘာစစ်တစ်ခု ဖြစ်နိုင်ခြေဟာ ၃၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ အဆိုးမြင်လွန်းရာရောက်တယ်လို့ အချို့က ငြင်းကောင်းငြင်းနိုင်ပါတယ်။ မစ္စတာပူတင်က ထာဝရ အသက်ရှင်နေမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကလည်း လူထုအသက်အရွယ် ကြီးရင့်အိုမင်းလာတာနဲ့အမျှ သဘောထားတွေ ပျော့ပြောင်းလာနိုင်တယ်။ မစ္စတာထရမ့်ကတော့ အင်အားကြီးနိုင်ငံတစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး “တတိယကမ္ဘာစစ်ဖြစ်အောင် လောင်းကြေးထပ်ဖို့”အရေး သိသိသာသာကို စိုးရိမ်ပုံရတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံငယ်လေးတွေကိုတော့ အနိုင်ကျင့်ရတာကို ကြိုက်နှစ်သက်ပါတယ်။ ၁၉၁၄ ခုနှစ်က ပြောပြနေသလိုပါပဲ။ စစ်ပွဲငယ်တွေဟာ စစ်ပွဲအကြီးကြီးတွေ ဖြစ်သွားနိုင်တယ်။
ဈာန်ဟိန်း
(The Economist မဂ္ဂဇင်းပါ How to avoid world war three ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်)







