ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီဘိုလာ အိပ်မက်ဆိုး

June 2, 2026

၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီပြည်နယ်မှာ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ ဘယ်လောက်ခက်လဲဆိုတာ နားလည်ချင်ရင် မွန်ဘွာလူးမြို့ရဲ့ မကြာသေးခင်က အဖြစ်အပျက်တွေကို ကြည့်ကြည့်လိုက်ပါ။

အီဘိုလာနဲ့ သေဆုံးသွားတာ ဖြစ်နိုင်တဲ့ ဓမ္မဆရာတစ်ယောက်ရဲ့ အလောင်းကို ပြန်လုဖို့အတွက် မေလ ၂၄ ရက်နေ့မှာ လူငယ်အချို့ဟာ ဒေသန္တရဆေးရုံတစ်ရုံကို လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီမတိုင်ခင် ညမှာလည်း မသမာသူ မီးရှို့သမားတွေက လူနာတွေကို သီးသန့်ခွဲထားတဲ့ တဲတစ်လုံးကို မီးရှို့သွားခဲ့ပါသေးတယ်။

စစ်သားတွေ ရောက်လာပြီး သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်တဲ့အခါ လူနာဒါဇင်ပေါင်းများစွာ ပရမ်းပတာ ထွက်ပြေးခဲ့ကြရတယ်။

အီဘိုလာဗိုင်းရပ်စ်မျိုးစိတ် ဘန်ဒီဘူဂျိုအတွက် အမြန်စစ်ဆေးမယ့် ကိရိယာတွေ၊ တရားဝင် ခွင့်ပြုချက်ရပြီးသား ကာကွယ်ဆေးတွေ မရှိတာကြောင့် ကူးစက်ပြန့်ပွားနေမှန်း ရက်သတ္တပတ်ပေါင်းများစွာ မသိလိုက်ဘဲ ကူးစက်ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ဖို့ဆိုတာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေခမျာ တကယ့်ကို အခက်တွေ့ခဲ့ရပါတယ်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရဲ့ မြေပြင်ပကတိအခြေအနေတွေက ဒီစိန်ခေါ်မှုကို ပိုဆိုးရွားစေပါတယ်။

မေလ ၂၈ ရက်နေ့အထိ ကွန်ဂိုနိုင်ငံထဲမှာ အီဘိုလာရောဂါကူးစက်မှု သံသယရှိလူနာဦးရေ ၁၀၀၀ ကျော်ရှိပြီး ရောဂါကူးစက်မှုသံသယနဲ့ သံသယရှိသေဆုံးလူနာပေါင်း ၂၅၀ ဝန်းကျင်ရှိနေပါတယ်။ တကယ့်အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်။

ဒေသတွင်းနိုင်ငံတွေမှာပါ ကူးစက်ပြန့်ပွားလာမယ့်အရေး စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

အီတူရီပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာဆိုရင် ရောဂါကူးစက်ခံရသူ ၇ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိတယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။

အီတူရီပြည်နယ်ရဲ့ နယ်စပ်ကပ်လျက်မှာရှိတဲ့ တောင်ဆူဒန်နိုင်ငံမှာလည်း မကြာခင် ကူးစက်မှုတွေ တွေ့လာနိုင်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားမှုနှုန်းက ရောဂါကို တုံ့ပြန်နှိမ်နှင်းနိုင်တဲ့နှုန်းထက် ပိုမြန်နေတယ်လို့ လူအများစုက ယူဆနေကြပါတယ်။

“(လူတွေက) ကျွန်တော်တို့ကို အပြင်းအထန် ဆန့်ကျင်ခုခံတာမျိုးတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ထိခိုက်ဆုံးရှုံးရတာတွေ အများကြီး ဖြစ်ခဲ့ပါတယ်” လို့ မွန်ဘွာလူးဆေးရုံအုပ် ရစ်ချတ်လိုကူဒီက ပြောပါတယ်။

ActionAid လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တစ်ခုက အီတူရီပြည်နယ်မှာ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က အီဘိုလာဆိုတာ တကယ်မရှိဘူးလို့ ထင်နေကြတာ တွေ့ခဲ့ရပါတယ်။

အစိုးရကလည်း အားနည်းချည့်နဲ့၊ လက်နက်ကိုင်အဖွဲ့တွေကလည်း ပြည်သူတွေကို နှိပ်စက်နေတဲ့အပြင် လူဦးရေ တစ်သန်းနီးပါးလောက် ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ ဒီလိုဒေသမျိုးမှာ ယုံကြည်မှုကင်းမဲ့ခြင်းဟာ နက်နက်ရှိုင်းရှိုင်းကို ကုပ်တွယ်နေပါတယ်။

ဒေသခံတချို့ဆိုရင် ဆရာဝန်တွေက လူနာတွေကို သတ်နေတယ်လို့တောင် ယုံကြည်ကြပါတယ်။

နာရေးမှာ ရိုးရာထုံးစံအတိုင်း လူအများကြီး ဝိုင်းအုံပြီး အလောင်းကို ရေမချိုးပေးရဘူးလို့ ဆရာဝန်တွေက တားတဲ့အခါ သူတို့ စိတ်ဆိုးဒေါသထွက်ကြပါတယ်။

NGO တွေက သူတို့ပိုက်ဆံအိတ်ဖောင်းဖို့အတွက် ဒီရောဂါကို လုပ်ကြံဖန်တီးထားတယ်လို့လည်း အချို့က ထင်ကြပါတယ်။

မစ္စတာလိုကူဒီက သူ့ရဲ့ ဝန်ထမ်းတွေဟာ အီဘိုလာလူနာတွေကို ဘေးကင်းကင်းနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်လို့ လေ့ကျင့်သင်ကြားခံထားရခြင်းမရှိဘူးလို့ ပြောပါတယ်။

နောက်ပြီး လူနာတွေကို လှည့်ပတ်ရှာဖို့အတွက် ကားဆီဖိုးတောင် မရှိပါဘူး။

မွန်ဘွာလူးမြို့ရဲ့ တစ်စီးတည်းသော လူနာတင်ကားကို အခုဆိုရင် အလောင်းတွေကို သုသာန်ဆီ ပို့ပေးရတဲ့ အလောင်းတင်ကားအဖြစ်ပါ ပူးတွဲသုံးနေရပါတယ်။

“အခြေအနေကတော့ အတော်လေးကို ရှုပ်ထွေးနေတာပေါ့ဗျာ” လို့ မစ္စတာလိုကူဒီက ပြောပါတယ်။

အီဘိုလာကို ထိန်းချုပ်ဖို့ဆိုရင် လုပ်ငန်းစဉ် တော်တော်များများကို ဟန်ချက်ညီညီ တစ်ပြိုင်တည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ရပ်ရွာတွေထဲမှာ ရောဂါပိုးကူးစက်မှုရှိ၊ မရှိ စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေကို ဓာတ်ခွဲခန်းတွေကနေ အတည်ပြုပေးရပါမယ်။

ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေဆီ ပိုးမကူးစေဘဲ လူနာတွေကို သီးသန့်ခွဲထားပြီး ကုသစောင့်ရှောက်ပေးဖို့ လိုတယ်။

အဲဒီနောက် ပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံရှာဖွေပြီး တစ်ဖန် ပြန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ အီတူရီပြည်နယ်မှာရော၊ တခြားပိုးတွေ့လူနာတွေရှိနေတဲ့ ကွန်ဂိုရဲ့ ကီဗူးမြောက်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာပါ ဒီလုပ်ငန်းစဉ်တွေက လိုအပ်တဲ့ အတိုင်းအတာအထိ ခရီးမတွင်ပါဘူး။

လောလောဆယ် အဓိကပြဿနာကတော့ လူနာတွေကို ဘေးကင်းကင်းနဲ့ သီးသန့်ခွဲထားမယ့် နေရာ ရှာတွေ့ဖို့ပါပဲ။

“အစပိုင်း လုပ်ငန်းစဉ်တွေက တကယ့်ကိုပဲ အလွန်အမင်း နှေးကွေးလွန်းခဲ့ပါတယ်” လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ကလည်း အင်မတန်ကို အားနည်းလွန်းသလို လူနာတွေကို စီမံခန့်ခွဲတဲ့ အပိုင်းကလည်း ကပ်ဆိုးဆိုက်နေသလိုပဲ” လို့ သူက ဆိုတယ်။

ဒီလို အကျပ်အတည်းထဲကနေ ကိုယ်ကျိုးရှာမယ့်သူတွေ ရှိလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

၂၀၁၈ မှာ စတင်ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးအီဘိုလာကူးစက်ပြန့်ပွားမှုကာလအတွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေရော၊ အလုပ်ရဖို့အတွက် ကာမကိစ္စနဲ့ လဲလှယ်ရတဲ့ အရှုပ်တော်ပုံတွေပါ ရှိခဲ့ဖူးပါတယ်။

ဒေသခံတွေက ဒီလို မသမာ ငွေရှာတဲ့ လုပ်ရပ်တွေကို ‘အီဘိုလာ စီးပွားရေး’ လို့ ခေါ်ကြပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ နိုင်ငံ့မြို့တော် ကင်ရှာဆာကနေ ဒီရောဂါတုံ့ပြန်နှိမ်နှင်းရေးကို ဦးဆောင်နေတဲ့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက အလှူရှင်တွေဆီကနေ ဒေါ်လာ သန်း ၂၄၀ တောင်းလိုက်တဲ့အခါ လူတွေ မျက်လုံးပြူးသွားကြပါတယ်။

အကြောင်းကတော့ အဲဒီ ဒေါ်လာ သန်း ၂၄၀ ထဲက ပမာဏအကြီးစားဖြစ်တဲ့ ဒေါ်လာ ၇၄ သန်းလောက်ကို ‘ညှိနှိုင်းဆောင်ရွက်ရေး’ ကိစ္စအတွက် သုံးမယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဆိုလို့ပါ။

ဆိုလိုတာက သူတို့ ရုံးလည်ပတ်ဖို့ကိစ္စမှာ အဲဒီငွေတွေ သုံးမှာ ဖြစ်ပါတယ်။

အဲဒီပိုက်ဆံတွေကို သေချာစနစ်တကျ သုံးစွဲမယ်ဆိုရင်တောင်မှ ကွန်ဂိုအရာရှိတွေနဲ့ အလုပ်လုပ်ရတာက အကူအညီပေးနေတဲ့သူတွေကို တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်စေပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေတဲ့ အီတူရီပြည်နယ်ရဲ့ မြို့တော် ဗူးနီးယားကို အဝင်အထွက်လုပ်မယ့် လေကြောင်းလိုင်း အားလုံးနီးပါးကို မေလ ၂၃ ရက်နေ့မှာ အစိုးရက ပိတ်ပင်လိုက်ပါတယ်။

စာရွက်ပေါ်မှာတော့ ကုန်တင်လေယာဉ်တွေနဲ့ ကယ်ဆယ်ရေးသမားတွေ ဆင်းခွင့်ရှိသေးတယ်ဆိုပေမဲ့ လေယာဉ်တစ်စီးဆင်းရဖို့ ကျန်းမာရေးဝန်ကြီးဌာနရော ပို့ဆောင်ရေးဝန်ကြီးဌာနဆီကပါ တစ်ခေါက်ချင်းစီ သီးသန့်ခွင့်ပြုချက် တောင်းနေရပါတယ်။

မေလ ၂၆ ရက်နေ့မှာတော့ ဒေသမတည်ငြိမ်တဲ့အတွက် ၂၀၂၁ ခုနှစ်ကတည်းက အီတူရီပြည်နယ်ကို အုပ်ချုပ်ဖို့ ခန့်အပ်ခံထားရတဲ့ စစ်ဗိုလ်ချုပ် ဂျွန်နီလူဘိုယာက ဗဟိုအစိုးရလုပ်ရပ်ပေါ် သူ သဘောမကျတာကို ပြတ်ပြတ်သားသား ပြတဲ့အနေနဲ့ လေကြောင်းကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အချိန်တစ်ရက် ပိုဖြုန်းလေလေ၊ ကပ်ဘေးဆိုးကြီးဆီကို ပိုနီးကပ်သွားလေလေပဲ” လို့ သူက ပြောပါတယ်။

(The Economist က မေလ ၂၈ ရက်နေ့တွင် ဖော်ပြသည့် Congo’s response to Ebola is late and chaotic ဆောင်းပါးကို ဘာသာပြန်သည်)

လုချိုင်း